close

လောက်ကိုင်မြို့

close

December 12, 2022

လောက်ကိုင်မြို့ ထိုင်းမိန်းကလေးများအတွက် ငရဲခန်းဖြစ်ဟု ထိုင်းဖောင်ဒေးရှင်းပြော

မြန်မာနိုင်ငံ၊ ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေထဲက လောက်ကိုင်မြို့ဟာ ထိုင်းမိန်းကလေးတွေအတွက် အလွန်အန္တရာယ်ကြီးတဲ့ ငရဲခန်းဖြစ်တယ်လို့ ထိုင်းနိုင်ငံ ပဝီနာ အမျိုးသမီးနဲ့ကလေးသူငယ်စောင့်ရှောက်ရေး ဖောင်ဒေးရှင်းက ပြောပါတယ်။ 

လောက်ကိုင်မှာ ပြည်တန်ဆာအဖြစ် ရောင်းစာခံခဲ့ရတဲ့  ထိုင်းမိန်းကလေး ၅ ဦးကို ကယ်ထုတ်ပြီး တဲ့နောက် ဖောင်ဒေးရှင်းဥက္ကဋ္ဌ နန်းပဝီနာ ဟုန်ဆကွန်းက သတိပေးပြောကြားလိုက်တာပါ။ 

“ပိုက်ဆံအများကြီးရမယ်ဆိုပြီး ခေါ်သွားရင် မယုံပါနဲ့၊ အဲဒီမှာ အချုပ်နှောင်ခံရမယ်၊ အဓမ္မပြည်တန်ဆာလုပ်ခိုင်းတာခံရမယ်၊ မူးယစ်ဆေးဝါးအတင်းသုံးစွဲခိုင်းမယ်၊ ပြီးတော့ အကြွေး လည်းတင်သေးတယ်၊ ရောင်းစားခံရတာ တချို့က ဘတ် ၉ သောင်း ၊ တချို့က ဘတ် ၂ သိန်းခွဲနဲ့ပြန်ရွေးမှ လွှတ်ပေးမယ်ပြောတယ်၊ အဲဒါကြောင့် မသွားကြပါနဲ့၊ အဲဒီနေရာက ငရဲ ခန်းလိုဘဲ အင်မတန်အန္တရာယ်ကြီးတဲ့နေရာဖြစ်တယ်။”

ဒီဇင်ဘာ ၈ ရက်က ပြန်လွတ်မြောက်လာတဲ့ မိန်းကလေး ၂ ဦးရှိပြီး ၁ ဦးမှာ အသက် ၂၆ နှစ် ၁ ဦးမှာ ၁၇ နှစ်သာရှိပါသေးတယ်။

လောက်ကိုင်မှာ သူတို့နေထိုင်ခဲ့ရပုံတွေကို ပုံဆွဲပြီး ဖော်ပြခိုင်းရာမှာ ဆူးကြိုးနဲ့ ဆူးပင်တွေ ကာရံထားတဲ့ ခြံဝင်းထဲမှာနေပြီး စစ်သားတွေက လက်နက်ကိုင်စောင့်ကြပ်နေကြကာ မူးယစ်ဆေး အတင်းသုံးခိုင်းသလို ခိုင်းတာမလုပ်ဘဲ ဖီဆန်ရင် အရိုက်ခံရတာ၊ အစာငတ်ခံထားတာရှိတယ်လို့ ဆိုပါတယ်။

အသက် ၁၇ နှစ်ရွယ်မိန်းကလေးမှာ အစက စင်ကာပူမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး ပွဲစားက လေယာဉ်နောက်ကျသွားပြီလို့ လိမ်ပြောကာ ရန်ကုန်မှာလည်း စင်ကာပူလို လခကောင်းတဲ့ အလုပ်ရှိတယ်လို့ပြောပြီး ရန်ကုန်လေယာဉ်နဲ့ ခေါ်သွားကြောင်း၊ ဟိုရောက်တော့ လောက်ကိုင်မြို့ကို အပို့ခံရကာ လမ်းတလျှောက် လက်နက်ကိုင်ဆောင်သူက ဘေးမှာ ရှိနေတယ်လို့ ပြောပါတယ်။

အသက် ၂၆ နှစ်ရွယ်မိန်းကလေးတယောက်ကတော့ မဲဆောက်ကနေ မြဝတီမှာ အချိန်ပိုင်း အလုပ် သွားလုပ်ဖို့ဖြစ်ကြောင်း၊ ပွဲစားက မြစ်ချောင်းကို ခေါ်ဖြတ်ပြီးနောက် လက်နက်ကိုင်အစောင့်အရှောက်နဲ့  ၄ ရက်ကြာ ခရီးဆက်လာပြီး လောက်ကိုင်ရောက်သွားတာလို့ ဆိုပါတယ်၊ လောက်ကိုင် ရောက်တော့ ကာစီနိုရုံပိုင်ရှင်က မင်းတို့ကို ဘတ် ၈ သိန်းနဲ့ ဝယ်လိုက်တာလို့ ပြောတာကြောင့် ရောင်းစားခံလိုက်ရတာ သိခဲ့တယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့မှာ သွားပြီးရောင်းစားခံရတဲ့ ထိုင်းမိန်းကလေး ၅ ဦးရှိပြီး မိဘ အုပ်ထိန်းသူတွေက ဖောင်ဒေးရှင်းကို လာရောက်တိုင်တန်းတဲ့အတွက် ဖောင်ဒေးရှင်းအနေနဲ့ ထိုင်း- မြန်မာနယ်ခြားကော်မတီ TBC ၊ မြန်မာပြည်က ထိုင်းကောင်စစ်ဝန်ရုံး ၊ မြန်မာစစ်တပ်တို့ကို ဆက်သွယ်အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။

မိန်းကလေး ၅ ဦးအနက် ၃ ဦးကို မြန်မာအာဏာပိုင်တွေက တာချီလိတ်-မယ်ဆိုင်အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၇ ရက်နေ့က လာရောက်လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန် တဲ့ ၂ ဦးကတော့ ဒီဇင်ဘာ ၈ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဆိုပါမိန်းကလေးတွေမှာ အသက် ၂၆ နှစ် ၊ ၁၇ နှစ် ၊ ၂၆ နှစ် ၊ ၂၇ နှစ် ၊ ၂၈ နှစ်ရွယ်တွေဖြစ်ပြီး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုယ်တိုင်သွားရောက်လက်ခံကြိုဆိုခဲ့တာပါ။ 

သူတို့ကို ဘန်ကောက်ထိုင်းအမျိုးသားရဲတပ်ဖွဲ့ထံ ဦးစွာအပ်နှံပြီး လိမ်လည်ဖြားယောင်းခဲ့သူတွေကို ဖမ်းဆီးအရေးယူဖို့ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေ လောက်ကိုင်နဲ့  ဝ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့မှာ တရုတ်လုပ်ငန်းရှင်တွေက ကေတီဗွီ၊ ကာစီနို ၊ နိုက်ကလပ်၊ အနှိပ်ခန်းတွေ လာရောက်ဖွင့်လှစ်ထားပြီး ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်က မိန်းကလေးတွေကို အလုပ်ခန့်ထားသလို တချို့ကလည်း လစာကောင်းရမယ်ပြောပြီး အွန်လိုင်းပေါ်ကနေ နိုင်ငံခြားသားတွေဆီက ငွေလိမ်ယူတဲ့ ကောလ်စင်တာအလုပ်မှာ အတင်းအကျပ်စေခိုင်းခံရတာတွေလည်း ရှိနေပါတယ်။

13 hours Ago

February 5, 2022

လောက်ကိုင်မြို့ KTV ရှေ့တွင် ပစ်ခတ်မှုဖြစ်ပြီး ကိုးကန့်ရဲ အပါအဝင် လူအချို့သေဆုံး

တရုတ် - မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ ထန်ဟွေ့ KTV ရှေ့မှာ ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီလောက်က  လက်နက်ကိုင်အဖွဲ့အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ကိုးကန့်ရဲတပ်ဖွဲ့ဝင် အပါအဝင် လူတချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ်အနီး ထန်ဟွေ့ KTV ရှေ့မှာ ကိုးကန့်လက်အောက်ခံ ရဲတပ်ခွဲ (၅)၊ ပြည်သူ့စစ်နဲ့ လောပန်းနောက်လိုက်တွေ ခိုက်ရန်ဖြစ်ပြီး နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

ပစ်ခတ်မှုမှာ ပြည်သူ့စစ်ဘက်က  စက်သေနတ်နဲ့ ပစ်ခတ်လို့ ကိုးကန့်ရဲတပ်ဖွဲ့ဝင် ၃ ယောက်  နေရာမှာတင် ပွဲချင်းပြီး  သေဆုံးသွားပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ 

ကိုးကန့်သတင်းမှာတော့ ရဲတပ်ဖွဲ့ ၁ ဦးအပါအဝင် ၅  ယောက်သေပြီး ၂ ယောက် ဒဏ်ရာတယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ပစ်ခတ်မှုတွေအပြီးမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး နယ်မြေ ရှင်းလင်းခဲ့တာကြောင့် ဒဏ်ရာ ရသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လောက်ကိုင်ဒေသတွင်း လောင်းကစားနဲ့ မူးယစ်ဆေးဝါးလောကမှာ အချင်းချင်း မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်လေ့ရှိပြီး အခု ပစ်ခတ်မှု ဘာကြောင့်ဖြစ်ပွားတယ်ဆိုတဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

10 months Ago
Up