ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြောက်ဘက်ခြမ်း၊ ရွှေကုက္ကိုမြို့သစ်အနီး ကျေးရွာတွေမှာ နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူး ပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး လမ်းတွေပိတ်ထားလို့ ဓာတ်ဆီတွေ ဝယ်မရဘဲ ပြတ်လပ်နေတယ်လို့ ရွှေကုက္ကိုလ်မြို့တွင်း နေထိုင်သူတွေထံက သိရပါတယ်။
ဒေသတွင်းမှာ ဧပြီ ၅ ရက်မနက်ကတည်းက တိုက်ပွဲဖြစ်ပွားပြီး လမ်းတွေပိတ်ထားကာ ကားတွေဖြတ်သန်းသွားလာခွင့် မပြုတော့လို့ ဓာတ်ဆီတွေကို ဈေးကြီးပေးဝယ်နေရတဲ့အပြင် ဧပြီ ၈ ရက် ဒီကနေ့မှာတော့ ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီ ဝယ်မရတော့ဘဲ ပြတ်လပ်နေတာဖြစ်ပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက "အရင်နေ့ကတောင် ဓာတ်ဆီက တချို့နေရာတွေမှာ ဝယ်လို့ရသေးတယ်။ ရေသန့်ဘူးနဲ့ ရောင်းတာပေါ့။ ဈေးတော့ကြီးတယ်။ ဒီနေ့တော့ ဘယ်မှာမှ ရှာဝယ်လို့ မရတော့ဘူး။ တချို့သိတဲ့လူတွေကလည်း ကြိုဝယ်ထားတာတွေလည်းရှိတယ်”လို့ ပြောပါတယ်။
တိုက်ပွဲတွေမဖြစ်ခင် ဓာတ်ဆီ ၁ လီတာကို ထိုင်း ဘတ်ငွေ ၃၀ ဝန်းကျင်ပေးဝယ်နေရပြီး အခုလို တိုက်ပွဲအပြီးမှာ ဓာတ်ဆီ ၁ လီတာကို ထိုင်းဘတ် ၅၀ ကနေ ၈၀ အထိဈေးအမျိုးမျိုးနဲ့ ဈေးနှုူန်းတွေ တက်သွားတာပါ။
ဒေသခံ ဈေးသည် အမျိုးသမီးတစ်ဦးက "၆ ရက်နေ့က သွားဝယ်တော့မရှိဘူးဆိုပြီး မရောင်းပေးဘူး။ နောက်နေ့ကျတော့ ဆီတွေထုတ်ရောင်းတာရှိတယ်။ ဈေးတော့ကြီးတာပေါ့။ တချို့နေရာမှာဆို ဆီ ၁ လီတာကို ဘတ် ၈၀ ထိပါပေးရောင်းကြတယ်။ လူတွေကတော့ လိုချင်တော့ပြေးဝယ်ကြတာပေါ့။ ဒီနေ့တော့ ဝယ်လို့ကိုမရတော့တာ အစ်မကတော့ ဆိုင်ကယ်ဆီထည့်မရလို့ အလုပ်ကိုတောင်နားထားရတယ်။ ပစ္စည်းတွေလည်းပို့လို့ အဆင်မပြေတော့ဘူး”လို့ ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွှေကုက္ကိုအပါအဝင် အနီးအနားကျေးရွာကဒေသခံတွေဟာ ဆီဈေးမြင့်တက်တာနဲ့ ဝယ်မရတာတွေကြောင့် မြို့တွင်းအသွားအလာတွေအပြင် အလုပ်သွားလာရာမှာလည်း အခက်အခဲတွေ့နေကာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စက်သုံးလောင်စာဆီတွေ ပြတ်လပ်လာတာကြောင့် မီတာခတွေ ထပ်မံတိုးမြှင့်ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီက သြဂုတ် ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
မီးလင်းရေးကော်မတီဘက်ကတော့ အခုလို စက်သုံးလောင်ဆီတွေ အလွယ်တကူ ဝယ်ယူဖို့ နိုင်ငံခြားငွေ အလုံလောက်မရှိတာရယ်၊ ဒီဇယ်ဈေးတွေ၊ ဒေါ်လာဈေးတွေ မြင့်တက်သွားတာကြောင့် အခုလကစပြီး မီးသုံးစွဲခ တယူနစ်ကို ကျပ် ၁,၃၅၀ ကနေ ကျပ် ၁,၅၅၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး ၂၄ နာရီအစား မနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ လျှပ်စစ်မီးကို ယာယီဖြတ်တောက်ထားမယ်လို့ ဆိုပါတယ်။
“လက်ရှိမှာ အခုမီတာခနဲ့၊ ပြီးတော့ မီးကလည်း နေ့ဘက်ဆို မလာရင် မီးစက်နဲ့သုံးပြီး လုပ်ခဲ့ရင်လည်း အခုဓာတ်ဆီဈေးနဲ့က ဘယ်လိုမှ အလုပ်နဲ့ တွက်ခြေမကိုက်ဘဲ တပိုင်တနိုင် အလုပ်က ထိခိုက်ကြတယ်” လို့ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
အိမ်ရှင်မတွေကလည်း “အခုအလုပ်တွေက အဆင်မပြေကြတဲ့ ကြားကနေ အရင်က တလဆို ကျပ် ၃၀,၀၀၀ လောက်ကုန်တာ။ အခု ဈေးဆို ကျပ် ၅၀,၀၀၀ လောက်အထိ ကုန်ကျမယ်။ အခုက စားဖို့လည်းပူရ၊ ရေ မီးကအစ ကုန်စျေးနှုန်းကပါ ကြီးပြန်တော့ အိမ်တအိမ်ရဲ့ ကုန်ကျစရိတ်က များပြီးဆိုတော့ ရှေ့ဆက် ရပ်တည်ဖို့က သာမန်လူတန်းစားတွေမှာ တနေ့တခြား ခက်ခဲလာနေတယ်” လို့ ပြောပါတယ်။
အခု ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးတွေ စံချိန်တင် တဖန်ပြန်မြင့်တက်လာခဲ့တာကြောင့် အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်းမှာ အလုပ်အကိုင် ရှားပါးလာသလို ပုံမှန်ဝင်ငွေတွေ မရှိတော့ ပြည်ပနိုင်ငံတွေ ထွက်ခွာကြတဲ့သူတွေလည်း နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။
စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ရက်က မြန်မာနိုင်ငံအတွင်း စက်သုံးလောင်စာဆီတွေ လျှော့သုံးပြီး ဝယ်ယူကြဖို့ ပြောဆိုရာကနေ တနိုင်ငံလုံးမှာ စက်သုံးဆီဈေးတွေ ထပ်မံမြင့်တက်လာသလို စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုနဲ့ ကြုံနေရတာပါ။
စက်သုံးဆီ ဂါလန် ၁၃ သိန်းလောက် ရောက်ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်း စက်သုံးဆီ တင်ဆောင်လာတဲ့ သင်္ဘော ၁၂ စင်း ထပ်မံဝင်ရောက်လာဖို့လည်း ရှိတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောထားပါတယ်။
ပြည်တွင်းစက်သုံးဆီ အလုံအလောက် ရှိနေတဲ့အတွက် ပြတ်လပ်မှာကို စိုးရိမ်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။