ရန်ကုန်အပါအဝင် နယ်မြို့တချို့ရှိ စက်သုံးဆီဆိုင်တချို့မှာ ဆီပြတ်လပ်မှုတွေရှိနေပြီး အရောင်းရပ်ထားရတယ်လို့ စက်သုံးဆီလုပ်ငန်း အသိုင်းအဝန်းက စုံစမ်းသိရှိရပါတယ်။
စက်သုံးဆီဈေးနှုန်းတွေအနေနဲ့ ရန်ကုန်ဈေးကွက်မှာ ဒီနေ့ 92 Ron တလီတာကို ၂,၀၄၀ ကျပ်၊ 95 Ron တလီတာကို ၂,၁၃၀ ကျပ်၊ ဒီဇယ်တလီတာကို ၂,၀၆၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၁၄၀ ကျပ် သတ်မှတ်ရောင်းချကြပြီး ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဈေးနဲ့ယှဉ်ရင် သီတင်းတပတ်အတွင်း တလီတာကို ကျပ် ၁၀၀ ကျော် ပြန်လည် ကျဆင်းလာပါတယ်။
ဈေးနှုန်းအနေနဲ့ တလီတာကို ကျပ် ၂,၁၀၀ အောက် ပြန်ကျဆင်းလာပေမဲ့ ဆိုင်အများစု အရောင်းရပ်ထားတာကြောင့် ဝယ်ယူမရဖြစ်နေတာလို့ ကုန်တင်ယာဉ်မောင်းတဦးက ဆိုပါတယ်။
“လောင်စာဆီဈေးက တဖြည်းဖြည်း ပြန်ကျနေတယ်။ ဒါပေမဲ့ ဝယ်မရဘူး။ ရောင်းဖို့မရှိတော့ဘူးလို့ပြောတယ်။ တက်တော့လည်း တက်ဈေးနဲ့ဝယ်ရတယ်။ ကျတော့လည်း ဝယ်မရပြန်ဘူး။”
အသေးစားနဲ့ အလတ်စား စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်တွေကတော့ သူတို့ ဝယ်ယူခွင့်ရရှိတဲ့ ခွဲတမ်းပမာဏ နည်းတာကြောင့် လက်လီပြန်လည်ရောင်းချရာမှာ ဆီလုံလောက်မှုမရှိ ဖြစ်နေတာလို့ ဆိုပါတယ်။
“သူတို့ ဆီချပေးတော့ တပတ်မှ ၃ ရက်စာပဲရှိတယ်။ ဒါကို ဟိုစစ် ဒီစစ်နဲ့ တောင်းလိုက်တဲ့ ပုံစံတွေကလည်း တမျိုးပြီးတမျိုး၊ အကုန်တင်ပြနေရတာ။ ဆိုင်ပိတ်ရင်ကျ ဖမ်းမယ်ပြောတယ်” လို့ ရန်ကုန်အခြေစိုက် စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံခြားငွေသုံးစွဲမှုထိန်းချုပ်ရေး ပေါ်လစီအရ စက်သုံးဆီ တင်သွင်းမှုကို အကန့်အသတ်နဲ့သာ စိစစ်ခွင့်ပြုပေးနေပေမဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်ရင်တော့ အရေးယူမယ်လို့ သတိပေးထားပါတယ်။
နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းအောင် အခုနှစ်မှာ စက်သုံးဆီသုံးစွဲမှုတွေကို အုပ်ချုပ်မှုသုံးရော လုပ်ငန်းသုံးအတွက်ပါ လျှော့ချခွင့်ပြုသွားမယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားထားတာကြောင့် စျေးကွက်အတွင်း ဆီပြတ်လပ်မှာကို အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက စိုးရိမ်နေကြတာပါ။
အခု မတ်လ ပထမအပတ်ကစပြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းက စက်သုံးဆီ သိုလှောင်ကန်တွေမှာ ဆီထုတ်ယူရာမှာ ကြန့်ကြာမှုတွေ ရှိနေတဲ့အပြင် ခွဲတမ်းအတိုင်း အပြည့်အဝဝယ်ယူလို့ မရတော့ကြောင်း စက်သုံးဆီလုပ်ငန်းရှင် အသိုင်းအဝန်းက သိရှိရပါတယ်။
စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေဖို့ နိုင်ငံတွင်း စက်သုံးဆီ သုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချ သုံးစွဲသွားကြဖို့ ပြောဆိုလိုက်တာကြောင့် ဈေးကွက်အတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှု နဲ့အတူ ဈေးနှုန်း ထပ်မံကြီးမြှင့်လာမှာကို လုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။
စက်သုံးဆီတွေဟာ ကမ္ဘာတဝန်း ဈေးနှုန်းမြင့်တက်နေတဲ့အပြင် ပြည်ပကနေ မှာယူတင်သွင်းရတာကြောင့် ဈေးနှုန်းကြီးမြင့်တဲ့အတွက် နိုင်ငံခြားငွေ သုံးစွဲမှုလျော့နည်းစေဖို့နဲ့ အသုံးစရိတ် မြင့်မားမှုကို ရှောင်ရှားတဲ့အနေနဲ့ စက်သုံးဆီ သုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချ သုံးစွဲသွားကြဖို့ နေပြည်တော်မှာ မတ်လ ၉ ရက်က ပြုလုပ်တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း အစည်းအဝေးမှာ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့တာပါ။
ဒါ့အပြင် အခုနှစ်အတွက် စက်သုံးဆီ သုံးစွဲမှုကို အုပ်ချုပ်မှုသုံးအတွက် ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစိစစ်စစ် ခွင့်ပြုပေးသွားမှာဖြစ်တာကြောင့် စိစိစစ်စစ် သုံးစွဲသွားကြရမယ်လို့ ဌာနဆိုင်ရာတွေကို ပြောပါတယ်။
စစ်ကောင်စီ ဒုတိယခေါင်းဆောင်က အခုလို ပြောဆိုလိုက်တာကြောင့် ဈေးကွက်အတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့အတူ ဈေးနှုန်း ထပ်မံကြီးမြင့်လာမှာကို စိုးရိမ်နေရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
အထည်ချုပ်လုပ်ငန်းရှင်တဦးက “စက်ရုံတွေဘက်မှာ လျှပ်စစ်မီးက လာတလှည့် ပျက်တလှည့် ပဲ။ အချိန်မမှန်ဘူး။ အချိန်ဇယားလည်း မရှိဘူး။ အဲ့တော့ ထုံးစံအတိုင်း မီးစက်နဲ့မောင်းပြီး စက်ရုံ လည်ပတ်နေရတယ်။ မီးစက် မောင်းရတဲ့ ကုန်ကျစရိတ်နဲ့ လျှပ်စစ်နဲ့ သုံးတဲ့ ကုန်ကျစရိတ်တော့ မတူဘူးပေါ့ဗျာ။ မီးစက်နဲ့မောင်းရတဲ့ ကုန်ကျစရိတ်ကတော့ ပိုက်ဆံတွေ မီးရှို့နေရသလို ဖြစ်နေတာပေါ့။ တွက်ခြေတော့ မကိုက်ဘူး။ လောလောဆယ်တော့ လိုသလောက် ဝယ်လို့ ရပါတယ်။ ဈေးတော့ကြီးတယ်။ ဒါကလည်း တကမ္ဘာလုံး ဈေးတက်နေတာ ဆိုတော့ ဘယ်တတ်နိုင်မလဲ။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်တာ တခုက ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်ပြီး ဈေးနှုန်း အဆမတန် ကြီးလာမှာကိုပဲ။ အဲ့ဒါဆို လုပ်ငန်းတွေ တော်တော် များများ အခက်အခဲတွေ့ ကုန်လိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
တဖက်မှာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေတယ် ဆိုပေမဲ့ ကုမ္ပဏီကြီးတွေ ကောင်းစာရေးအတွက်သာဖြစ်ပြီး လုပ်ငန်းငယ်ဆိုင်တွေကတော့ တဆိုင်ပြီးတဆိုင် ပိတ်သိမ်းနေရတယ်လို့ မန္တလေး အခြေစိုက် စက်သုံးဆီ ပန့်အရောင်းဆိုင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။
“ပိတ်ရတဲ့ အကြောင်းရင်းက ဆီမရတာနဲ့ ရောင်း ရှုံး ဖြစ်တာ များလာလို့လေ။ ကျနော်ဆိုရင် ပြီးခဲ့တဲ့နှစ်က သိန်းတထောင်ကျော် ရှုံးသွားတယ်။ ကားက သွားသယ်ရမယ့် နေရာ မရောက်သေးဘူး။ လမ်းမှာတင် ရှုံးတာ။ ကြာလာတော့ မခံနိုင်တော့ဘူး။ ဆီကို ကျနော်တို့က ရန်ကုန်အထိ သွားသယ်ရတာ။ ရန်ကုန်ကနေ ဒီကို ပြန်ရောက်ဖို့ တပတ်နီးပါး ကြာတယ်။ အဲ့ဒီ့ တပတ်အတွင်းမှာ ဆီဈေးက တလီတာ ကို ၅၀၀ လောက် ကျသွားတဲ့အခါ လီတာ လေးသောင်း ဆိုရင် တွက်ကြည့်လေ။ သိန်း နှစ်ရာလောက် ရှုံးသွားပြီ။ အဲ့ဒါမျိုး အကြိမ်ရေနဲ့ ဖြစ်လာတဲ့အခါ မခံနိုင်တော့ဘူး။ ကျနော်တို့ ဖြစ်စေချင်တာက ဈေးနှုန်းတခုကို တပတ် သို့မဟုတ် ၁၅ အတွင်း သတ်မှတ်ပေးတာမျိုးပေါ့။ အခုက ကမ္ဘာ့ဈေးနဲ့တက်ရင် တက်ဈေး ဆိုပြီး လုပ်တာက ဘာမှ မထူးဘူး။ ကုမ္ပဏီကြီးတွေပဲ ကောင်းစားသွားတာ။ ကျနော်တို့ကတော့ သူတို့ဆီကနေတဆင့် ပြန်ယူရတာ။ စားသုံးသူလည်း အဆင်မပြေဘူး။ သူတို့ အပြောကတော့ စက်သုံးဆီဈေးနှုန်း တည်ငြိမ်အောင် လုပ်တယ်သာ ပြောတာ၊ လုပ်လိုက်လို့ရှိရင် တလွဲတွေချည်းပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး ပြည်ပမှ ရေနံနဲ့ ရေနံထွက်ပစ္စည်း တင်သွင်းမှု ပမာဏကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ နီးပါး လျှော့ချသွားမယ်လို့ ပြောဆိုခဲ့တာ ရှိပါတယ်။
သူအခုလိုပြောဆိုခဲ့ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ အောက်တိန်း အမျိုးအစား စက်သုံးဆီဈေးနှုန်းက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၆ ရက်မှာ ၁ လီတာကို ကျပ် ၁၆၀၀ စွန်းစွန်းသာ ရှိခဲ့ပေမယ့် ရက်သတ္တပတ်အတွင်း (သြဂုတ်လ ၁၁ ရက်)မှာ ၁ လီတာကို ၂၁၄၀ ကျော်ရှိခဲ့တာကြောင့် ရက်ပိုင်းအတွင်း စက်သုံးဆီဈေးက ၁ လီတာကို ကျပ် ၅၄၀ ကျော် မြင့်တက်ခဲ့ပါတယ်။ ဒါဟာ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အခုတကြိမ်မှာလည်း ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း က စက်သုံးဆီ သုံးစွဲမှုကို လျှော့ချဖို့ ပြောဆိုလာတဲ့အတွက် ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ ထပ်မံ မြှင့်တက်လာမှာကို စိုးရိမ်နေရကြတာပါ။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရန်ကုန်ဈေးကွက် အတွက် မတ်လ ၁၃ ရက်အတွက် သတ်မှတ်ပေးထားတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ၁ လီတာကို အောက်တိန်း (၉၂) ၂၁၀၅ ကျပ်၊ အောက်တိန်း(၉၅) ၂၁၉၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၂၁၁၀ ကျပ် နဲ့ ဒီဇယ်(ပရီမီယံ) ၂၁၉၀ ကျပ် ရှိပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပြည်ပကနေ စက်သုံးဆီ တင်သွင်းမှုပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တင်သွင်းခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ နီးပါး ရှိပါတယ်။