close

လောင်းလုံးမြို့နယ်

close

April 20, 2023

လောင်းလုံးတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသည့်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအနီးမှာ ဧပြီ ၁၈ ရက်ညက WY စိတ်ကြွဆေးပြား ရောင်းဝယ်သုံးစွဲနေတဲ့ အဖွဲ့တဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေစဥ် လက်နက်ကိုင်ဆောင်ထားတဲ့ အဲဒီအဖွဲ့ဝင် ၅ ဦးခန့်ကို ဥယျာဥ်ခြံထဲက နေအိမ်တခုမှာ တွေ့ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လက်နက်ချဖို့ ပြောဆိုခဲ့ပေမဲ့ လက်မခံဘဲ စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးကတော့ အဲဒီမူးယစ်အဖွဲ့ဝင်တွေဟာ ညဘက် မကြာခဏ သေနတ်ပစ်ဖောက်လေ့ရှိတာကြောင့် အရေးယူပေးဖို့ ရွာခံတွေက လာရောက်တိုင်ကြားတာတွေလည်းရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ရွာခံတွေ လာတိုင်နေတာက ကြာပြီ၊ ကျနော်တို့လည်း သူတို့ကို ဆက်မလုပ်ကြဖို့ ခဏခဏ သတိပေးပေမဲ့ မလိုက်နာတာ။ ကျနော်တို့တပ်ဖွဲ့ဝင်တွေ သူတို့နားရောက်တော့ လက်နက်ချဖို့ အော်ပြောသေးတယ်၊ အဲဒါကို သူတို့က စပစ်တာ။”

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ပစ်ခတ်ချိန်မှာတော့ အဲဒီအဖွဲ့က ထွက်ပြေးသွားလို့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကျည်အသင့်ထည့်ထားတဲ့ လက်လုပ်ဘော်ကာသေနတ် ၁ လက်၊ တူမီးသေနတ် ၂ လက်၊ ဂက်စ်သေနတ် ၁ လက်၊ WY စိတ်ကြွဆေးပြား ၄၀၀ ကျော်၊ ဆိုင်ကယ်တစီးနဲ့ တခြားအသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဥယျာဥ်ခြံနဲ့ သုံးခြံကျော်လောက်မှာ ဧပြီ ၁၉ ရက် ညနေပိုင်းမှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ခဲ့ရပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ အဲဒီအမျိုးသားဟာ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တာ ဟုတ်၊ မဟုတ်ကိုတော့ အတည်မပြုနိုင်ပါဘူး။

“ညက ပစ်ခတ်မှုပြီးလို့ အဲဒီနား နယ်မြေရှင်းလင်းတော့ လက်နက်တွေ၊ မူးယစ်ဆေးတွေပဲ သိမ်းဆည်းရမိတာ၊ လူသေနေတာကိုက နောက်တရက် ညနေလောက်မှ သိကြတာ၊ ပစ်ခတ်မှုအတွင်း သေတာ ဟုတ် မဟုတ်ကိုတော့ အတည်မပြုနိုင်ဘူး။”

ဒေသခံတဦးကတော့ သေဆုံးခဲ့တဲ့ အမျိုးသားဟာ မူးယစ်အဖွဲ့ဝင်တွေနဲ့ အတူနေထိုင်လေ့ရှိသူ တဦး ဖြစ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဧပြီ ၁၁ ရက်ကလည်း ညင်းမော်ကျေးရွာနဲ့ ကပ်လျက် စစ်ပြဲကျေးရွာမှာ WY စိတ်ကြွဆေးပြား အရောင်းအဝယ်လုပ်နေတဲ့ စစ်မှုထမ်းဟောင်းတဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်လုပ်သေနတ် ၄ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်နဲ့ အချိတ်အဆက်ရှိလို့ဆိုကာ ပစ်သတ်ခဲ့ပါတယ်။

11 mins Ago

February 22, 2023

လောင်းလုံးမြို့နယ်၌ PDF က အိမ်တအိမ်ကိုဝင်ရောက်ပြီး ကားနှင့် ရွှေငွေပစ္စည်းများယူသွား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဇလွတ်ကျေးရွာရှိ နေအိမ်တအိမ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၆ နာရီကျော်လောက်မှာ ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီး နေအိမ်ရှိ ကား၊ မိုဘိုင်းဖုန်း၊ ရွှေနဲ့ ပိုက်ဆံတွေကို ယူဆောင်သွားတယ်လို့ ကာယကံရှင် မိသားစုဝင်တဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသက် ၅၂ နှစ်ရှိ အိမ်ရှင် ဦးအောင်မိုးကို လာရောက်ရှာဖွေရာ မတွေ့တာကြောင့် အခုလို ပစ္စည်းတွေယူသွားတာလို့ ဦးအောင်မိုးရဲ့ သားဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

Mazda Bongo အမျိုးအစား ကားတစီး၊ ငွေကျပ် သိန်း ၅၀ ကျော်၊ ဖုန်း ၃ လုံးနဲ့ ရွှေထည်တွေကို ယူဆောင်သွားခဲ့တာဖြစ်ပြီး ဘာလို့ အခုလို ယူဆောင်သွားကြတာလဲ ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

“ရွှေတွေဆိုရင် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ အမျိုးတွေ လာအပ်ထားတာတွေ များတယ်။ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး စုထားရတဲ့ဟာတွေ၊ ဘယ်လောက်ပါသွားမှန်းတော့ သေချာမသိရသေးဘူး။ ​ကျနော်တို့မိသားစုက ဒလန်၊ ပျူစောထီး လုပ်နေတာလည်း မဟုတ်ဘဲနဲ့ အခုလို လာလုပ်တာမျိုးကတော့ မဖြစ်သင့်ဘူး။ ကျနော်တို့ အမှားလုပ်ထားရင် ခံဖို့အသင့်ပဲ။ အခုက သေချာမစုံစမ်းဘဲနဲ့ လာလုပ်သွားကြတာ။”

ဇလွတ်ရွာခံ လူငယ်တဦးကတော့ ဦးအောင်မိုးကို ပျူစောထီးတွေနဲ့ ပေါင်းတယ်ထင်လို့ အခုလို လုပ်သွားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“သူတို့အိမ်မှာက လက်ဖက်ရည်ဆိုင်ဖွင့်ထားတော့ ကျောက်နီမော်ရွာက ပျူတွေ ဒီဘက်ရောက်ရင် လက်ဖက်ရည်လာသောက်လေ့ရှိတယ်။ အဲဒါကို ပျူစောထီးတွေနဲ့ ပေါင်းတယ်လို့ထင်ပြီး လာလုပ်တာလားမသိဘူး။ ဆိုင်ဖွင့်ထားတော့ ပျူတွေ လာသောက်လည်း နှင်လွှတ်လို့မှ မရတာ။”

ဇလွတ်ကျေးရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ ကျောက်နီမော်ကျေးရွာဘက်မှာတော့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ စခန်းချ နေထိုင်ကြတာပါ။

“လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီးတော့မှ ဟိုလူမရောင်းဘူး၊ ​ဒီလူပဲရောင်းမယ်ဆိုပြီး လုပ်နေလို့ရတာမှ မဟုတ်တာ” လို့လည်း ဦးအောင်မိုးရဲ့ သားဖြစ်သူက ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့ အဲဒီလုပ်ဆောင်ချက်ကို သူတို့တပ်ဖွဲ့ဝင်တွေ လုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ဖြစ်စဥ်ကို သေချာစုံစမ်းနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့အဖွဲ့ထဲက တပ်ဖွဲ့ဝင်တချို့ လုပ်တယ်လို့တော့ သိထားရတယ်။ သူတို့မှာ သက်သေတွေရှိလို့ လုပ်တယ်လို့တော့ ပြောတယ်။ အပြစ်မရှိတဲ့သူတွေ မနစ်နာရအောင်တော့ ကျနော်တို့ သေချာပြန်စုံစမ်းနေပါတယ်။”

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၃၀ လောက်ဟာ ဦးအောင်မိုးကို လာရောက်မရှာဖွေခင် ရွာထဲရှိ ဦးဝင်းသိန်းကိုလည်း ပစ်သတ်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

2 months Ago
Up