close

လောင်းလုံးမြို့

close

September 19, 2022

လောင်းလုံးမြို့ မင်းရပ်ကျေးရွာနေ လူငယ် ၄ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအနီး စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက လူငယ် ၄ ယောက်ကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ မင်းရပ်ကျေးရွာနေ အသက် ၂၀ ဝန်းကျင်ရှိတဲ့ ကိုကျော်စွာသိန်း၊ ကိုပြည့်ဝအောင်၊ ကိုသူရိန်ထွန်း၊ ကိုပိုင်အိတို့ ဖြစ်ကြပြီး ထားဝယ်မြို့ဘက်ကို ကားနဲ့ခေါ်သွားပေမဲ့ ဘယ်ကို ခေါ်သွားတာလဲဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ မင်းရွာခံ တဦးက ပြောပါတယ်။

“ဆိုင်ကယ် တစီးကို နှစ်ယောက်စီ စီးသွားလို့ အခုလို ဖမ်းဆီးသွားတာ ဖြစ်နိုင်ပေမဲ့ သေချာတော့ မသိရဘူး”

အဖမ်းခံရ​တဲ့ လူငယ်တွေကို ပျူစောထီးကားပေါ်မှာ မျက်နှာကို အဝတ်နဲ့စည်းပြီး ခေါ်သွားသလို လူငယ်တွေရဲ့ ဆိုင်ကယ်နှစ်စီးကိုလည်း ကားပေါ်တင်သွားတာ တွေ့ရတယ်လို့ ပြောပါတယ်။

ထားဝယ်ဒေသအတွင်းမှာ စစ်ကောင်စီတပ်က ဆိုင်ကယ် တစီးမှာ အမျိုးသား နှစ်ယောက် စီးနင်း ခွင့်မပြုဘဲ စီးနင်းတာတွေ့ရင် ပစ်ခတ်ဖမ်းဆီးတာ၊ ဆိုင်ကယ်သိမ်းဆည်းတာတွေ ပြုလုပ်လေ့ ရှိပါတယ်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးလောက် စခန်းချ နေထိုင်တဲ့ ပန္ဒလဲကျေးရွာမှာ  စက်တင်ဘာ ၁၂ ရက်က ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

11 mins Ago

June 16, 2022

လောင်းလုံးမြို့နယ်၌ အကသကျောင်းသားများ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ တောင်ပေါ်တနေရာမှာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံကျောင်းသားများသမဂ္ဂက ဇွန် ၁၆ ရက် မနက်ပိုင်းမှာ စာတန်းရှည်ချိတ်ဆွဲပြီး စစ်အာဏာရှင်ကို သပိတ်မှောက် ဆန္ဒထုတ်ဖော်ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသားလူငယ်တဦးက “ဖိနှိပ်မှုနှောင်ကြိုးမှ ရုန်းထွက်မည် ခေတ်ပြောင်းတော်လှန်‌ရေး အဆုံးသတ်ဆီ - တော်လှန်လောင်းလုံးလို့ ရေးသားထားတဲ့ စာတန်းကို တောင်ထိပ်မှာ ချိတ်ဆွဲထားခဲ့တယ်” လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တောနင်းရှာဖွေမှု ပြုလုပ်နေတဲ့ကြားက အဆိုပါစာတန်းကို ချိတ်ဆွဲခဲ့တာလို့ သိရပါတယ်။

အဆိုပါ ကျောင်းသားလူငယ်က “စစ်အာဏာရှင်လူတစုကို စိန်ခေါ်တဲ့သဘောရယ်၊ မြေပြန့်မှာရော တောင်ပေါ်မှာပါ စစ်အာဏာရှင်ကို တော်လှန်တယ်ဆိုတာ သိဖို့အတွက်ပါ။ ကျနော်တို့နဲ့အတူ စစ်အာဏာရှင်ကို ဆက်လက်သပိတ်မှောက်ထားကြပါစို့။ ဒါမှ ကျနော်တို့ ပြည်သူလူထုတရပ်လုံး အောင်ပွဲဆီရောက်မှာပါ” လို့ တိုက်တွန်းလိုက်ပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် နေ့စဉ်နီးပါး နည်းမျိုးစုံနဲ့ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်လျက်ရှိသလို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့ပစ်ခတ်တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

3 months Ago
Up