သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဒလ်တာမျိုးကွဲပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ၂ လနီးပါး ကန့်သတ်ထားမှုက မအောင်မြင်တာကြောင့် သြဂုတ် ၂၀ ရက်မှာ အာဏာပိုင်တွေက ဆစ်ဒနီမှာ စက်တင်ဘာလကုန်အထိ လော့ဒေါင်းချတာကို သက်တမ်းတိုးလိုက်ပြီးမြို့ရဲ့ ဆင်ခြေဖုံးတွေမှာ ညမထွက်ရအမိန့်ကို စတင်ခဲ့ပါတယ်။
နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှာ မြို့နေလူဦးရေ ၅ သန်းကို တစ်နေ့ ၁ နာရီသာ ကန့်သတ်ထားတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကလွဲလို့ သူတို့အိမ်အပြင်ကိုထွက်လိုက်တာနဲ့ Mask တပ်ရမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဂလက်ဒီစ် ဘီရ် ဂျစ်ကလီယန်က ကြေညာထားပါတယ်။
ဝန်ကြီးချုပ် ဘီရ်ဂျစ်ကလီယန်က သောကြာနေ့မှာ ဆစ်ဒနီက အများစု အပါအဝင် ကူးစက်မှုအသစ် ၆၄၄ ခုကို ထုတ်ပြန်ခဲ့ပြီး ရှေ့တရက်က ကူးစက်ခံရသူ ၆၈၁ ဦးကနေ လျော့နည်းတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၇ ရက်အတွင်း နေ့စဉ်ကူးစက်မှုက ၄၀၀ ကျော် ရှိခဲ့တာပါ။ သေဆုံးမှုအသစ် ၄ ခုကိုပါ ထည့်ရေတွက်ရင် အခုနောက်ဆုံး ကူးစက်မှုကြောင့် သေဆုံးသူ ၆၅ ယောက် ရှိပါတယ်။
ကူးစက်ရောဂါအများစုမှာ ဗိုင်းရပ်စ်ကို အောင်မြင်စွာနှိမ်နင်းခဲ့တဲ့ သြစတြေးလျဟာ အခုတော့ ဖြစ်ပွားမှုကိုထိန်းချုပ်ဖို့ ရုန်းကန်နေရတာပါ။
ဆစ်ဒနီရဲ့ ကူးစက်မှုဗဟိုချက်ဖြစ်တဲ့ ဒေသကောင်စီနယ်မြေ ၁၂ ခုမှာ သြဂုတ် ၂၃ ရက် ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်လိမ့်မယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၆ ရက်ကတည်းက ရှိနေပြီး အသွားအလာ ကန့်သတ်ထားတဲ့မြို့မှာ လော့ဒေါင်းအစီအမံတွေနဲ့ လိုက်လျောညီထွေရှိစေဖို့ ရဲတပ်ဖွဲ့ကို အာဏာအသစ်တွေ အပ်နှင်းထားပါတယ်။