ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ် ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီးစခန်းချလှုပ်ရှားဖို့ ပြင်ဆင်လာတာရှိပေမယ့် လက်ရှိမှာ ခွင့်ပြုထားတာမရှိဘူးလို့ ဒီဇင်ဘာ ၁၃ ရက်က လေးကေကော်မြို့သစ် စစ်ဘေးရှောင်စခန်းတာဝန်ရှိသူက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင် အင်အား ၅၀ လောက်ဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ လေးကေကော်မြို့သစ်ရဲ့ အမြောက်ကုန်းနေရာကို ဝင်ရောက်ပြီး စခန်းချလှုပ်ရှားဖို့ ပြင်ဆင်လာတဲ့အတွက် ခွင့်ပြုချက်စောင့်ဆိုင်းနေပြီး ဝင်ရောက်ခွင့် ခွင့်ပြုထားတာမရှိဘူးလို့ ဆိုပါတယ်။
လေးကေကော်မြို့သစ် စစ်ဘေးရှောင်စခန်း တာဝန်ရှိသူက“အင်အား ၅၀ လောက်ဟာ အမြောက်ကုန်းဘက်ကို တက်လာတာရှိတယ်။ နေ့ခင်းလောက်က တက်လာတယ်။ ကျနော်တို့ဆီမှာ လှမ်းပြီးတော့တောင်းတယ်။ ကျနော်တို့မြို့နယ်က ဝင်ခွင့်မပေးဘူး။ ဝင်ချင်တယ်ဆိုရင် ခရိုင်နဲ့ညှိလို့ ပြောထားတယ်”လို့ ပြောပါတယ်။
အောက်တိုဘာလက စတင်ပြီး စစ်ကောင်စီရဲ့ ခမရ ၅၆၀နဲ့ ခမရ ၂၇၅ တပ်ဖွဲ့ဝင်တွေဟာ မေတ္တာလင်းမြိုင်မှာ စခန်းချလှုပ်ရှားရာက အင်အားဖြည့်တင်းပြီး လေးကေကော်မြို့သစ်ဘက်ကို နယ်မြေကျော်ဝင်ရောက်လှုပ်ရှားဖို့ ပြင်ဆင်လာတာပါ။
အခုလို စစ်ကောင်စီရဲ့တပ်တွေ နယ်မြေကျော် ဝင်ရောက်လာတဲ့အတွက် ကေအန်ယူ ခရိုင်အဆင့်နဲ့ ပြေလည်မှုမရရှိခဲ့ရင် စစ်ဘေးရှောင်စခန်းအတွင်းမှာနေထိုင်တဲ့ ကရင်လူထုတွေကို ဘေးလွတ်ရာရွေ့ပြောင်းတာတွေ လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေလျင်တပ်ရင်း ရှေ့တန်းစစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး ထင်လင်းဇော် ဦးစီးတဲ့ တပ်ဖွဲ့ဝင် အင်အား ၄၀ လောက်ဟာ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို မကြာခဏဆိုသလို ဝင်ရောက်ပြီး စစ်ဆေးမေးမြန်း ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်တဲ့ လူငယ်တွေကို စစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးပေါ်ပေါက်ချက်အရ လေးကေကော်ကနေ လက်နက်ခဲယမ်းသယ်ဆောင်လာတယ်လို့ စွပ်စွဲကာ စစ်ဘေးရှောင်စခန်းအတွင်းကို မကြာခဏလာစစ်ဆေးနေတာဖြစ်ပါတယ်။
စခန်းတာဝန်ရှိသူကတော့ စစ်ကောင်စီတပ်တွေကို စစ်ဆေးခွင့် ခွင့်ပြုပေးခဲ့ပေမဲ့ အကန့်အသတ်နယ်မြေတွေကိုတော့ ဝင်ရောက်စစ်ဆေးခွင့် ခွင့်မပြုခဲ့ဘူးလို့ ပြောပါတယ်။
ကေအန်ယူထိန်းချုပ်နယ်မြေကို ခုလို စစ်ကောင်စီရဲ့တပ်တွေကျူးကျော်ဝင်ရောက်လာတဲ့အတွက် နှစ်ဘက်တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလူနာတွေပိုမိုများပြားလာပါက စောင့်ကြည့်ကုသပေးနိုင်ဖို့ ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ စစ်သည်ရဲဘော်တွေနဲ့ ဒေသတွင်းလူငယ်တွေပူးပေါင်းပြီး လူ ၂၀၀ ဆန့် ကွာရန်တင်းစင်တာ တစ်ခု ဆောက်လုပ်နေပါတယ်။
လေးကေကော်မြို့သစ် ဧရိယာမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါ ကူးစက်ခံရသူတွေ များပြားလာနေသည့်အတွက် လေးကေကော် စာသင်ကျောင်းအဆောင်တွေမှာ လတ်တလော စောင့်ရှောက်ထားတာပါ။
အခုခါ ဒေသတွင်း ကျေးရွာတွေမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ လူနာတွေ တွေ့ရှိလာပြီဖြစ်လို့ ကျောင်းဝင်းအတွင်း နေရာလွတ်မှာ ကွာရန်တင်းထားရှိစောင့်ကြည့် ကုသပေးဖို့ စီစဉ်နေတာပါ။
ကွာရန်တင်းအဆောင်တွေကို ကေအန်ယူ စစ်သည် ရဲဘော်တွေနဲ့ ဒေသတွင်းက လူငယ်တွေ စုပေါင်းကာ သစ်ဝါးအခြေခံ ယာယီအဆောက်အအုံတွေ ဆောက်လုပ်ကာ ကိုဗစ်လူနာတွေကို ပြုစု စောင့်ရှောက်သွားဖို့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတာလို့ လေးကေကော်မြို့သစ် စီမံအုပ်ချုပ်ရေး ကော်မတီ တာဝန်ရှိသူ စောဌေးမြင့်အောင်က ပြောပါတယ်။
လက်ရှိ လေးကေကော်မြို့သစ်မှာ ကိုဗစ်-၁၉ ကူးစက်မှုတတိယလှိုင်း ကာလအတွင်း ရောဂါပိုး ကူးစက်ခံထားရသူ သံသယ လူနာ ၁၀၃ ဦး ၊ ရောဂါပိုးတွေ့ရှိ ကုသစောင့်ရှောက်မှု ပေးနေရသူ ၄၃ ဦးနဲ့ ကိုဗစ်ပိုးကူးစက်ခံရကာ ကင်ဆာရောဂါအခံနဲ့ သေဆုံးခဲ့တဲ့ လူနာ ၁ ဦး ရှိနေပါတယ်။
လေးကေကော်မြို့နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ဖလူးကျေးရွာအုပ်စု မယ်ထော့်သလေး ကျေးရွာအုပ်စု၊ မင်းလက်ပံ ကျေးရွာအုပ်စုတွေမှာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကူးစက် နေရသူတွေ၊ အနံ့ပျောက် အဖျားရောဂါရှိသူတွေလည်းရှိလာနေတဲ့အတွက် သူတို့ကို ကွာရန်တင်းထား စောင့်ကြည့် ကုသပေးဖို့ ကေအန်ယူက ယာယီ အဆောင်တွေ ဆောက်လုပ် စီစဥ် နေတာပါ။
ဒါပေမဲ့ ကိုဗစ်-၁၉ လူနာတွေအတွက် အောက်စီဂျင် အသုံးပြုကုသဖို့ လိုအပ်တွေ၊ ဆေးပစ္စည်းလိုအပ်ချက်တွေလည်း ရှိနေသေးတယ်လို့ လေးကေကော် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်စောင့်ကြည့်ရေးစင်တာမှ CDM ဆရာဝန်နဲ့ အရပ်ဖက် ကျန်းမာရေး ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။