ဘာစီလိုနာအသင်းဟာ နည်းပြသစ်ရာထူးအတွက် လျာထားသူစာရင်းမှာ ကစားသမားဟောင်း သီယာရီဟင်နရီကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။
လက်ရှိနည်းပြ ကွီကေးဆတ်တီယန်ဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ ၈ လက စတင်တာဝန်ယူခဲ့ပြီး သူ့လက်ထက်မှာ ဘာစီလိုနာအသင်းဟာ ခြေစွမ်းကောင်းရရှိဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဘိုင်ယန်မြူနစ်ကို ၈ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဆတ်တီယန်ရဲ့ အနာဂတ်ဟာ ဘာစီလိုနာအသင်းမှာ မရှိတော့ဖို့ သေချာသလောက်ရှိနေခဲ့ပါတယ်။
ဘာကာနည်းပြရာထူးအတွက် နာမည်ကြီးနေသူတွေထဲမှာ စပါးနည်းပြဟောင်း ပိုချက်တီနိုက ထိပ်ဆုံးမှာရှိနေပေမယ့် ဒီနည်းပြဟာ ဘာကာအသင်းရဲ့ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းနဲ့ သမိုင်းကြောင်းရှိခဲ့ဖူးတာကြောင့် အသင်းနည်းပြဖြစ်လာဖို့ ရာခိုင်နှုန်း နည်းပါးပါတယ်။
နောက်တစ်ဦးကတော့ ဘာကာ ကစားသမားဟောင်း ရော်နယ်ကိုးမန်း ဖြစ်ပြီးတော့ သူဟာ မကြာသေးခင်ကမှ နှလုံးခွဲစိတ်ကုသမှုကနေ ပြန်လည်ကျန်းမာလာသူပဲ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်နည်းပြဟောင်း မက်စ်အယ်လီဂရီဟာလည်း ဘာကာနည်းပြသစ် ဖြစ်လာနိုင်သူ တစ်ဦးဖြစ်ပြီးတော့ ဒီစာရင်းမှာ အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း ဇာဗီလည်း ပါဝင်နေပါတယ်။
ဇာဗီဟာ ဘာစီလိုနာနည်းပြရာထူးအတွက် မကြာခဏ ထင်ကြေးပေးခံရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာဗီဟာ ဘာစီလိုနာအသင်းကို နည်းပြအဖြစ် ပြန်လာဖို့အတွက် လက်ရှိနည်းပြနေတဲ့ အယ်လ်ဆတ်အသင်းမှာပဲ ဆက်ရှိနေဖို့ ရွေးချယ်နိုင်တာကြောင့် ဟင်နရီ နည်းပြသစ် ဖြစ်လာနိုင်ဖွယ်ရှိနေလို့ Sport သတင်းမှာ ဖော်ပြပါတယ်။
အာဆင်နယ် ဂန္ထဝင်ကစားသမားဟာ နည်းပြဘဝအစပိုင်းမှာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ခဲ့သူ ဖြစ်ပြီး မိုနာကို အသင်းကို ၆ လ ကိုင်တွယ်ပြီးချိန်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပြင်သစ်သားဟာ မေဂျာလိဂ်ကလပ် မွန်ထရီရယ်အင်းပတ်အသင်းကို ကိုင်တွယ်နေပါတယ်။
အသင်းတာဝန်ရှိသူတွေက ဘယ်သူ့ကို ရွေးချယ်သည်ဖြစ်စေ ဘာစီလိုနာနည်းပြသစ် ဖြစ်လာမယ့်သူဟာ စံချိန်တင်အရှုံးရလဒ်ကြောင့် စိတ်ဓာတ်ကျဆင်းနေတဲ့ အသင်းကစားသမားတွေကို ပြန်လည်ထူထောင်ရေးအတွက်ကြိုးစားရုန်းကန်ရမှာပဲ ဖြစ်ပါတယ်။
2 years Ago