close

လျှပ်စစ်ဘတ်စ်ကား

close

August 18, 2021

နေပြည်တော်တွင် လျှပ်စစ်ဘတ်စ်ကားနှင့် မြေအောက်ရထားလမ်းများဖောက်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ညွှန်ကြား

နေပြည်တော်ကောင်စီနယ်မြေမှာ မြို့ပတ်ရထားလမ်းတွေ၊ ဘတ်စ်ကားလမ်းတွေ၊ လျှပ်စစ်ဘတ်စ် ကားလမ်းတွေနဲ့ မြေအောက်ရထားလမ်းတွေ တည်ဆောက်နိုင်ဖို့ ကြိုတင်စီမံဆောင်ရွက်ထားကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်ပါတယ်။

နေပြည်တော်မှာ ဩဂုတ် ၁၇ ရက်ကကျင်းပတဲ့ နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားရာမှာပြောသွားတာဖြစ်ပါတယ်။

နေပြည်တော်ကို လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းတွေ၊ မြို့ပတ်ရထားလမ်းတွေ၊ မြေအောက်ရထားလမ်းတွေနဲ့ မြို့ကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး လျှပ်စစ်ကားပြေးဆွဲနိုင်ရေးကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ တိုက်တွန်း ပြောသွားပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ လူဦးရေသန်း ၂၀ အထိနေထိုင်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး နောင်အနာဂတ်  နေပြည်တော်မှာ မြို့နေလူဦးရေတိုးပွားပြီး မော်တော်ယာဉ်တွေ၊ မီးရထားတွေ၊ လျှပ်စစ်ရထားတွေ လျှပ်စစ်ကားတွေ တိုးချဲ့ပြေးဆွဲလာတဲ့အခါ ယာဉ်ကြောပိတ်ဆို့မှု မဖြစ် ပေါ်စေဖို့လည်း  နည်းလမ်းရှာဖွေ ဆောင်ရွက်ကြဖို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မြို့မှာ မီးရထားပြတိုက်တည်ဆောက်ဖို့၊  နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ် သန့်ရှင်း၊ သန့်ရပ်၊ သာယာ၊ လှပ စိမ်းလန်း၊ စိုပြည်တဲ့ မြို့တော်တစ်ခုဖြစ်စေရေးအတွက် အဘက်ဘက်မှ စဉ်စားသုံးသပ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လည်းပြောသွားပါတယ်။

ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေဟာ မြစ်ချောင်းတွေပေါများပြီး  စိုက်ပျိုးရေးအတွက် မြေဩဇာကောင်းမွန်တဲ့အတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေ အထွက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်နေသလို နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့နဲ့ ဒေသထွက် ဝါကုန်ကြမ်းအပေါ် အခြေခံပြီး နေပြည်တော်နယ်မြေအတွင်း ချည်မျှင်နဲ့ အထည်စက်ရုံတွေတည်ဆောက်ကာ ပြည်ပတင်ပို့ ရောင်းချဖို့လည်းပြောပါတယ်။

နေပြည်တော်မှာ နေရာကောင်းရွေးပြီး  တက္ကသိုလ်တွေ  တည်ဆောက်ဖို့၊ ပညာရေးနဲ့ ပတ်သက်တဲ့မြို့တော်အဖြစ်ဆောင်ရွက်ဖို့နဲ့    နေပြည်တော်ကို စံပြအဖြစ်ဆောင်ရွက်ပြီး တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက်  ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်ဖို့ လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က  ခုလိုပြောနေပေမဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၆ လ အကြာ တိုင်းပြည်ရဲ့  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ်အသီးသီးမှာ  အဘက်ဘက်က ယိုယွင်းချွတ်ခြုံကျပြီး ကျရှုံးနိုင်ငံဖြစ်လာနေပြီလို့  နိုင်ငံတကာ ပညာရှင်တွေက သုံးသပ်ပြောပါတယ်။

Photo-DSINFO

11 mins Ago
Up