ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့မတ်လက သုံးစွဲခဲ့တဲ့ လျှပ်စစ်မီးမီတာခတွေ ပေးဆောင်ဖို့ ဖြတ်ပိုင်းတွေ ခုရက်ပိုင်းတွင်း ရောက်ရှိလာရာမှာ နေရာတိုင်းလို အဆမတန်ခုန်တက်မှုရှိနေလို့ ထိုင်းပြည်သူတွေအကြား ပွက်လောရိုက်သွားပါတယ်။
လုပ်ပူရီခရိုင်မှ ပြည်သူ ၁ ဦးဟာ အရင်က လျှပ်စစ်မီးဖိုး ဘတ် ၇,၀၀၀ ပုံမှန်ကျသင့်နေရာက ဒီလမှာတော့ ဘတ် ၁၂,၀၀၀ ထိ တက်လာကြောင်း၊ မီးကိုလည်း ပုံမှန်သုံးနေပေမဲ့ ခုလို ဆတိုးခုန်တက်လာတဲ့အပေါ် အံ့ဩမိတယ်လို့ ချန်နယ်လ် ၇ သတင်းထောက်ကို ပြောပါတယ်။
အလားတူ အလှပြင်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီး ၁ ဦးကလည်း ပုံမှန်မီတာခ ၁ လ ဘတ် ၁,၀၀၀ ကျော် ၂,၀၀၀ နီးပါး ပေးဆောင်ရာက ဒီလမှာ ဘတ် ၄,၀၀၀ ကျော် ကျသင့်ကြောင်း၊ သူတို့မှာ ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်ထူထောင်လာဖို့ မျှော်လင့်စဉ် ခုလို မီတာခ ဆတိုးမြင့်လာတော့ တွက်ခြေမကိုက်တာမို့ သက်ဆိုင်ရာအစိုးရအနေနဲ့ ကြည့်ရှုစောင်မပေးဖို့ ပြောပါတယ်။
ပထုန်ဌာနီ သစ်သီးဆိုင်တဆိုင်ကလည်း ဇန်နဝါရီ-ဖေဖော်ဝါရီလက မီတာခ ၁,၃၀၀ ဘတ်ပဲကုန်ပြီး ဒီလမှ ဘတ် ၂,၆၀၀ ကျသင့်တယ်လို့ ဆိုပါတယ်။
အင်ဒိဆိုသူ နာမည်ကြီး DJ တဦးကလည်း သူ့အိမ်မှာ ၁ လ ဘတ် ၇,၀၀၀ ခန့်သာ ကုန်ပေမဲ့ ဒီလမှာ ၁၂,၀၀၀ ကျော်ကျသင့်တယ်၊ အခွန်လည်းတိုး မီတာခလည်းတိုး၊ ဒါတောင်မှ တကယ်ပူတယ်ဆိုတဲ့ ဧပြီလအတွက် မဟုတ်သေးဘူး၊ ပြည်သူအပေါင်းတို့ နောက်လ မီးဖိုးပိုကုန်ကျဖို့ ပြင်ထားကြဆိုပြီး သူ့ရဲ့ Tik Tok မှာ တင်ထားပါတယ်။
အခုလို မီတာခကိစ္စ ပွက်လောရိုက်နေတော့ တချို့လည်း သူတို့သုံးစွဲတဲ့ယူနစ်နဲ့ မီတာခ ပြန်တိုက်ကြည့်ရာမှာ ဝန်ထမ်းက မီတာအဖတ်မှားတာတွေလည်း တွေ့လာရပါတယ်။
လုပ်ပူရီက အိမ် ၁ အိမ်မှာ နေတဲ့လူမရှိဘဲ မီတာခ ဘတ် ၈၀၀ ကျော် ကျသင့်နေလို့ မီတာဘောက်စ်ကို ဓာတ်ပုံရိုက်ပြီး လျှပ်စစ်ရုံးကို သွားမေးရာမှာ ၂၇ ယူနစ်ပဲကျတာကို မီတာဖတ်သမားက ၂၀၇ ယူနစ်လို့ ရေးထားတာကြောင့် လျှပ်စစ်ရုံးက တောင်းပန်ပြီး ပြန်ပြင်ပေးခဲ့ပါတယ်။
အလားတူ မီတာအဖတ်မှားတာတွေလည်း ရှိကြောင်း ပြည်သူတွေက သတင်းဌာနကို ပြောလာပါတယ်။ ဒါဟာ ပြန်စစ်ဆေးလို့တွေ့တာဖြစ်ပြီး ပြန်မစစ်တတ်တဲ့ အိမ်တွေဆိုရင် ဘုမသိဘမသိ မီးဖိုး အဆမတန် ပေးဆောင်ရတာတွေ ရှိမှာဖြစ်ကြောင်း၊ ဒါကြောင့် လျှပ်စစ်ဌာနအနေနဲ့ မီတာဖတ်ဝန်ထမ်းတွေကို သတိပေးဖို့ သတင်းဌာနကနေ တောင်းဆိုမှုတွေ ရှိနေပါတယ်။
အခုလို မီတာခတွေ ခုန်တက်တာနဲ့ပတ်သက်ပြီး ထိုင်းလျှပ်စစ်အာဏာပိုင်ဌာန ညွှန်မှူး နိုင်းဝိလတ်ချလွေဆဒ် ကတော့ မီတာခ တက်ရတာဟာ ပတ်ဝန်းကျင်ရာသီဥတုနဲ့ သက်ဆိုင်ကြောင်း၊ ခုလပိုင်း ရာသီဥတုပူပြင်းတဲ့အပြင် မီးခိုးမြူတွေရှိလို့ အဲယားကွန်း၊ ရေခဲသေတ္တာ၊ ပန်ကာ၊ လေသန့်စက်တွေ ပိုပြီး အသုံးပြုကြတယ်၊ အဆိုပါပစ္စည်းတွေရဲ့ သဘောသဘာဝဟာ ရာသီဥတုပူရင် အပူဓာတ်ကို ပိုစုတ်ယူရတော့ စွမ်းအင်ပိုကုန်တယ်လို့ဆိုပါတယ်။
ဥပမာ မိမိနေအိမ်မှာ အဲကွန်းအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကို ချိန်ထားပါက အဲကွန်းရဲ့ ကွန်ပရက်စာက ပြင်ပအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကို ၂၅ ထိရောက်အောင် တန်ပြန်ညှိရတာရှိတယ်၊ အပြင်မှာ ပိုပူပြီး အဲကွန်း ပိုအေးအောင် လျှော့ချလေ လျှပ်စစ်မီတာ တက်လာလေပဲ၊ ဒါကြောင့် မီးအားချွေတာလိုက အရမ်းအေးအောင် မလျှော့ချဘဲ ၂၇ - ၂၈ ဒီဂရီလောက် ထားသင့်တယ်၊ မလိုအပ်ဘဲ မီးလုံး မီးချောင်းတွေ ဖွင့်မထားဖို့၊ မလိုအပ်တဲ့ လျှပ်စစ်ပစ္စည်း ပလပ်တွေဖြုတ်ထားဖို့ အကြံပြုပါတယ်။
ညွှန်မှူးရဲ့ ဖြေဆိုမှုပေါ်မှာ ပြည်သူတွေက ကျေနပ်အားရမှု မရှိပါဘူး။ ဝန်ကြီးချုပ် ပရာယုဒ် ကျန်အိုးချားကတော့ မီတာခတွေ မြင့်တက်ရတဲ့ အကြောင်းအရာ အမျိုးမျိုးရှိနိုင်ကြောင်း၊ အဲဒီအကြောင်းအရာပေါ်ကြည့်ပြီး တခုစီ ဖြေရှင်းရမှာဖြစ်ကြောင်း၊ ထိုင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်း အထူးသဖြင့် သဘာဝဓာတ်ငွေ့တွေကို နိုင်ငံခြားကနေ ဝယ်ယူတင်သွင်းရတယ်လို့ ပြောပါတယ်။
အဲဒီနိုင်ငံက အခြေအနေ အရပ်ရပ်ကြောင့် ဓာတ်ငွေ့ဈေး တက်တဲ့အခါ မိမိတိုင်းပြည်လည်း ပိုပြီးတော့ ဈေးကြီးပေးဝယ်ရတယ်။ အရင်အစိုးရလက်ထက်မှာ နိုင်ငံခြား ပုဂ္ဂလိကကုမ္ပဏီကနေ ဂက်စ်ကို ၁၀ နှစ်တာဝယ်ဖို့ စာချုပ်ထားတယ်၊ စာချုပ်မှာ လက်မှတ်ထိုးတားတော့ ဈေးကြီးပေမဲ့ ဝယ်နေရတယ်၊ ဖြေရှင်းလို့ရရင် တို့လည်း ဖြေရှင်းပေးပြီးပြီ၊ ပြည်သူတွေအတွက်ပဲ လုပ်ပေးချင်တာပေါ့၊ သက်သာချောင်ချိမယ့် နည်းလမ်း ရှာကြံဖို့၊ ဥပမာ ဆိုလာမီးတွေ သုံးကြည့်ပေါ့လို့ မနေ့က ဝန်ကြီးများအစည်းအဝေးအပြီး သတင်းထောက်ကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အရင်က နေအိမ်သုံးလျှပ်စစ်မီတာခမှာ စက်မှုလက်မှုလုပ်ငန်း မီတာခထက် အနည်းငယ်သက်သာပေမဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှု မြင့်လာတာကြောင့် လာမယ့်မေလကနေ ဩဂုတ်လထိ တန်းတူညီမျှ ပေးဆောင်ရမှာဖြစ်ပြီး မီတာခမှာလည်း နဂို ၁ ယူနစ်ကို ၄ ဒသမ ၇၂ ဘတ်မှ ၄ ဒသမ ၇၇ ဘတ်ထိ တိုးမြှင့်ကောက်ခံမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးပါတီတွေကလည်း လာမယ့် မေလ ၁၄ ရက် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ကာလ ဖြစ်တာကြောင့် သူတို့ အစိုးရဖြစ်ရင် လျှပ်စစ်မီတာခတွေ လျှော့ချမယ်လို့ မက်လုံးပေးနေကြပါတယ်။
ဘဏ္ဍာငွေရှာဖွေရေးကိစ္စတွေ ဆောင်ရွက်ဖို့ လိုအပ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခတွေကို ကြိုတင်ငွေအဖြစ်ပေးသွင်းနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးစိုးသူရထွန်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး NUG အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချစေနိုင်ဖို့ အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ်အားခ ကျသင့်ငွေနဲ့ မီတာဝန်ဆောင်ခတွေကို အခမဲ့ ကင်းလွတ်ခွင့် ပြုထားခဲ့ပြီး အိမ်သုံးမဟုတ်တဲ့ အမျိုးအစားတွေအတွက် လျှပ်စစ်ဓာတ်အားခကျသင့်ငွေနဲ့ တခြားဝန်ဆောင်မှုတွေကို ခေတ္တဆိုင်းငံ့ထားတဲ့ အမိန့်ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီးပြီလို့ ဆိုပါတယ်။
လတ်တလောမှာတော့ တော်လှန်ရေးအရှိန်မြင့်တက်လာတာနဲ့အမျှ ဘဏ္ဍာငွေရှာဖွေရေးကိစ္စတွေ ဆောင်ရွက်ဖို့လိုအပ်လာတဲ့အတွက် အိမ်သုံးမဟုတ်တဲ့ လုပ်ငန်းသုံး ပါဝါမီတာ၊ စီတီမီတာတွေအတွက် လျှပ်စစ် ဓာတ်အားခကျသင့်ငွေနဲ့ တခြားဝန်ဆောင်မှုတွေအတွက် မိမိတို့ပေးသွင်းလိုတဲ့ ဓာတ်အားခပမာဏကို NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနဆီ ကြိုတင်ငွေအဖြစ်ပေးသွင်းနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ပေးသွင်းလိုတဲ့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လျှပ်စစ်တာဝန်ခံတွေနဲ့ ဆက်သွယ်ကာ မိမိတို့ ပေးသွင်းသင့်တဲ့ ပမာဏကို ကိုယ်တိုင်ညှိနှိုင်းဆုံးဖြတ်ကာ ပေးသွင်းနိုင်ကြောင်းနဲ့ ဒီကောက်ခံမှုကို ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်ရာမှာ အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲမှုဆိုင်ရာ မူဝါဒနဲ့အညီ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ ကတော့ လက်နက်ကိုင်တပ်တွေ အသုံးပြုပြီး လူထုဆီက အဓမ္မမီတာခလိုက်ကောက်နေသလို မီတာခမပေးတဲ့ အိမ်တွေကိုလည်း လျှပ်စစ်မီးဖြတ်တာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်က ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပြီး လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လည်း အိမ်သုံးလျှပ်စစ်မီတာခတွေကို အခမဲ့ ကင်းလွတ်ခွင့်ပြုကြောင်းနဲ့ ပြည်သူတွေ လျှပ်စစ်မီတာခ ပေးဆောင်ရန်မလိုဘဲ ကောက်ခံရင် နိုင်ငံတော်ပုန်ကန်မှုမြောက်ကြောင်းနဲ့ အမည်ပျက်စာရင်း သွင်းသွားမှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ပြည်သူတွေကတော့ ဒီအခွန်အခတွေဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မဟုတ်ဘဲ လူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ အသုံးစရိတ်ဖြစ်မှာမို့ လျှပ်စစ်မီတာခ မပေးသွင်းကြရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။