close

လျှပ်စစ်မီးပြတ်တောက်

close

May 5, 2023

တနင်္သာရီတိုင်း၊ ပလမြို့တွင် မီးပေးသည့်စက် မီးလောင်ပြီး တမြို့လုံး လျှပ်စစ်မီးပြတ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့မှာ မေလ ၄ ရက် နေ့လယ်ပိုင်းလောက်က လျှပ်စစ်ဓာတ်အားပေးနေတဲ့ ဖိုးသီးချိုမီးလင်းရေးပိုင် မီးစက်တွေ မီးလောင်ပျက်စီးသွားပြီး တမြို့လုံး လျှပ်စစ်မီးပြတ်တောက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပလမြို့ခံတဦးက “ပလမြို့နားမှာ တိုက်ပွဲဖြစ်နေတုန်း မီးခိုးတွေမြင်ရတယ်။ မီးလောင်တဲ့ မီးစက်တွေ အနီးနားမှာလည်း မိုင်းစတွေ တွေ့ရတယ်။ ဘယ်သူလုပ်တာလဲတော့ မသိရဘူး” လို့ ပြောပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကလည်း “မနေ့က ကျနော်တို့ ပလမြို့ ဝင်တိုက်တဲ့အချိန်မှာ စက်ရုံဘက်ကနေ ဝင်တိုက်တာ။ စကစဘက်က ကျနော်တို့ လာတိုက်မှန်းသိတော့ လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ လက်နက်ကြီးက မီးစက်ရုံကိုထိပြီး မီးလောင်သွားတာပါ” လို့ ပြောပါတယ်။

ပလမြို့ရဲ့ ဖိုးသီးချိုမီးလင်းရေးရုံးအနီးနားမှာ အထွေထွေအုပ်ချုပ်ရေမှူးရုံး ရှိတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ပုလောမြို့နယ်ထဲမှာရှိတဲ့ ပုလော၊ ပလနဲ့ ပလောက်မြို့တွေကို ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေတယ်လို့ ဆိုပါတယ်။

“အခုအချိန်ထိ မီးကမရသေးဘူး။ အဓိက လျှပ်စစ်ဓာတ်အားပေးတဲ့နေရာက မီးလောင်သွားတယ်ဆိုတော့ ပြန်ရမယ်ဆိုရင်လည်း ကြာအုံးမယ်” လို့ ပလမြို့ခံတဦးက အခုလက်ရှိ အခြေအနေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်စာမျက်နှာတွေမှာတော့ PDF အဖွဲ့က ဆိုင်ကယ်နဲ့ရောက်လာပြီး အဝေးကနေ RPG နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

1 min Ago

April 26, 2023

ဖားကန့်တွင် လျှပ်စစ်မီး တပတ်ကျော်ကြာ ပြတ်တောက်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဧပြီ ၁၆ ရက်ကစပြီး လျှပ်စစ်မီး ပြတ်‌တောက်နေတာ တပတ်ကျော် ကြာနေပြီလို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

အခုလို လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်မှုကြောင့် နေ့စဉ် ချက်ပြုတ်စားသောက်ရေးနဲ့ လုပ်ငန်းလည်ပတ်မှုတွေ အရမ်းအခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မှော်စီဆာကျေးရွာ ဒေသခံတဦးက “ဧပြီ ၁၆ ရက်ကစပြီး မီးကပျက်နေတာ၊ အရင်ရက်တွေက‌‌တော့ လာလိုက် ပျက်လိုက်နဲ့ပေါ့။ ခုတော့ လုံးဝမလာ‌တော့တာ တပတ်ကျော်ပြီ။ လျှပ်စစ်မီးနဲ့ ထမင်းချက်၊ ရေတင်၊ ဖုန်းအားသွင်း ခက်ခဲနေတယ်။ မိသားစု ကျောက်ဖြတ်လုပ်ငန်းလည်း မီးမလာ‌တော့ ရပ်ထားရတယ်။ ဆီဖိုးလည်း နေ့တိုင်းမတတ်နိုင်ဘူးလေ၊ တော်တော်ခက်ခဲနေရတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေမှာလည်း ဧပြီ ၂၂ ရက်ကစပြီး လျှပ်စစ်မီးကို အချိန်ဇယားနဲ့ အုပ်စုလိုက်ပေးသွားမယ်လို့ ဘူးဂါးလျှပ်စစ်လုပ်ငန်းမှ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာသလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာလည်း အလှည့်ကျ အုပ်စုဖွဲ့ပြီး လျှပ်စစ်မီး သုံးစွဲနေရတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

1 week Ago
Up