close

လျှပ်စစ်မီးလင်းရေး

close

April 22, 2023

ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ဒေသခံများ ဆန္ဒပြ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာမှာ ဒေသခံတွေက လျှပ်စစ်မီးလင်းရေးနဲ့ပတ်သက်ပြီး ဧပြီ ၂၁ ရက် မနက် ၉ နာရီမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရေကန်တောင်ကျေးရွာမှာ လျှပ်စစ်မီးလင်းရေးနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ Techo-Hill Engineering ကုမ္ပဏီကို ဒေသခံ ၄၀၀ နီးပါးလောက်က ဆန္ဒဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတဦးက “ဘက်ထရီပါဝါက level 3 အဆင့်ထိရှိတယ်။ ကျနော်တို့ကိုပေးတဲ့ မီးဟာ level 1 အဆင့်ပဲပေးတယ်။ ကျနော်တို့ဖြစ်စေချင်တာက level 3 အထိတိုးပြီး လုပ်ပေးဖို့ တောင်းဆိုတာပါ။ အရင် ၂ လလောက်ကတည်းက တောင်းဆိုတာပါ။ စကစဘက်က သက်ဆိုင်ရာလူကြီးတွေ အစည်းအဝေးထိုင်ပေမဲ့ ဘာမှလည်း အကျိုးမထူးလာလို့ အခုလိုမျိုး ဆန္ဒထုတ်ဖော်ကြတာပါ” လို့ ပြောပါတယ်။

ဒေသခံလုပ်ငန်းရှင်တဦးကလည်း “ကျနော်တို့ရွာမှာ လုပ်ငန်းရှင်တွေလည်း များတယ်။ သူတို့ပေးတဲ့မီး ဂဟေဆော်လို့တောင်မရဘူး။ မီးကလည်း နေ့ဘက်ပဲရတယ်။ ညရောက်ရင် မီးမရဘူး။ နွေရာသီတောင်မှ ဆိုလာမီးနဲ့ နေ့ဘက်လောက်ပဲ ရွာမှာဖြန့်ပေးတာ။ မိုးရာသီဆိုရင် ဘယ်လိုလုပ်မှာလဲ။ ကျနော်တို့ဘက်က ဒီဇယ်နဲ့မောင်းတဲ့မီးဆိုလည်း ဒီဇယ်ဖိုး ပိုပေးလို့ရတယ်။ အဓိကကတော့ မီးပုံမှန်လာဖို့ပဲ” လို့ ပြောပါတယ်။

အဆိုပါကျေးရွာမှာ ဆိုလာလျှပ်စစ်မီးကို အစိုးရ ၆၀ ရာခိုင်နှုန်း၊ ကုမ္ပဏီ ၂၀ ရာခိုင်နှုန်း၊ ရွာသားတွေက ၂၀ ရာခိုင်နှုန်းနဲ့ ဖြန့်ဖြူးနေတာ ၃ နှစ်နီးပါးရှိပြီး အရင်က မီးပုံမှန်လာပေမဲ့ အခုအခါမှာတော့ မကြာခဏ မီးပျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လျှပ်စစ်မီးလင်းရေးနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာမှာ စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ ဦးစိန်မောင်နဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်ဇောထိုက်တို့က သက်ဆိုင်သူတွေနဲ့ ပြန်လည်ညှိနှိုင်းဖြေရှင်းပေးမယ်လို့ ရွာသားတွေကို ကတိပေး ပြောဆိုသွားတယ်လို့ ဆိုပါတယ်။

ရေကန်တောင်ကျေးရွာမှာ ဒေသခံအများစုဟာ ရေလုပ်ငန်း လုပ်ကိုင်နေကြပြီး အိမ်ခြေ ၈၀၀ ကျော်နဲ့ လူဦးရေ ၈,၀၀၀ ကျော်ခန့် နေထိုင်တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

8 mins Ago

May 27, 2020

ချောက်မြို့နယ်၌ ယခုနှစ်အတွင်း ကျေးရွာ ၇၇ ရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်နေ

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှာ  လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ ၇၇ ရွာ လျှပ်စစ်မီးလင်းလုပ်ငန်းတွေကို တင်ဒါအောင်ကုမ္ပဏီတွေနဲ့ ဆောင်ရွက်နေတယ်လို့ ချောက်၊ စလေမြို့ရှိ လျှပ်စစ်အင်ဂျင်နီယာရုံးတွေက သိရပါတယ်။ ချောက်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံးက တာဝန်ယူဆောင်ရွက်နေတဲ့ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ကျေးရွာ ၂၂ ရွာအပြင် NEP စီမံကိန်းနဲ့ နှစ်မိုင်အတွင်း ကျေးရွာ ၃၀ ရွာ၊ စုစုပေါင်း ကျေးရွာ ၅၂ ရွာအတွက် လျှပ်စစ်ဓါတ်အားလိုင်းသွယ်တန်းဖို့ပစ္စည်းတွေ ရောက်ရှိနေပြီး တင်ဒါအောင် ကုမ္ပဏီ ၅ ခုနဲ့  ဆောင်ရွက်နေကြောင်း ချောက်မြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်က ပြောပါတယ်။ "NEP စီမံကိန်း ဖေ့စ်ဝမ်းက ရွာ ၃၀၊ ဖေ့စ်တူး(ပင်မဓာတ်အားလိုင်း နှင့် ၂ မိုင်အထက် အကွာအဝေး)က ၁၅ ရွာ၊ တိုင်းဒေသကြီးဘတ်ဂျက်နဲ့က ၂၂ ရွာ စုစုပေါင်း ၆၇ ရွာ၊ NEP ဖေ့စ်တူးက တင်ဒါခေါ်တုန်းရှိသေးတယ်။" ဓာတ်အားလိုင်းသွယ်တန်းရာမှာ ကျေးရွာတချို့က လက်မခံသဖြင့် အခက်အခဲရှိနေတာ ကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အထွေထွေအုပ်ချုပ်ရေးမှူးတို့က ၅ ကြိမ် အထိ ညှိနှိုင်းခဲ့ပေမဲ့ ယနေ့အချိန်အထိ မရရှိသေးကြောင်း၊ အဆင်ပြေပါက အခုနှစ်မှာ ကျေးရွာ ၅၂ ရွာ လျှပ်စစ်မီးလင်းမယ်လို့ ဦးထက်အောင်နိုင်က ပြောပါတယ်။ ချောက်မြို့နယ်ရှိ စလေမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးကလည်း အခုနှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ကျေးရွာ ၁၇ ရွာနဲ့ ရပ်ကွက် တစ်ရပ်ကွက်၊ NEP စီမံကိန်းနဲ့ နှစ်မိုင်အတွင်း စုစုပေါင်းကျေးရွာ ၂၅ ရွာကို လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နေတယ်လို့ စလေမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းအောင်က ပြောပါတယ်။ အရင် ၂ နှစ်အတွင်း ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၈၉ ရွာ လျှစ်စစ်မီးရခဲ့ပြီး လာမယ့် ဘဏ္ဍာရေးနှစ်မှာ တမြို့နယ်လုံး ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးရရှိနိုင်အောင် ဆောင်ရွက်မယ်လို့   မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အရင်က လေးပုံ တပုံကျော်လောက်သာ လျှပ်စစ်မီးရရှိနေရာကနေ လက်ရှိ အန်အယ်လ်ဒီအစိုးရလက်ထက်မှာတော့၅၀ ရာခိုင်းနှုန်းကျော်အထိ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။  သတင်း- ကိုလင်း(ချောက်)
3 years Ago
Up