မကွေးတိုင်း၊ မြိုင်မြို့ပေါ်က ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေတဲ့အတွက် သောက်သုံးရေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၂ ရက်က မြိုင်မြို့နယ်အတွင်း လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် လျှပ်စစ်မီးတိုင်တွေ ပြိုလဲပျက်စီးခဲ့သလို ပျက်စီးခဲ့တဲ့ မီးတိုင်တွေကို ပြန်လည်ပြုပြင်ဖို့ စစ်ကောင်စီက လုံခြုံရေးမပေးနိုင်တဲ့အတွက် လျှပ်စစ်ဝန်ထမ်းတွေက မပြုပြင်တာကြောင့် ဒီနေ့ထိ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ပြောပါတယ်။
“လေပြင်းမုန်တိုင်းတွေတိုက်ပြီး မီးတိုင်တွေလဲလို့ မီးပြတ်သွားတာ ဒီနေ့ထိပဲ။ မီးပြန်မလာတော့ အဝီစိရေတွင်းကနေ ရေတင်လို့မရတော့ဘူးလေ။ သောက်သုံးရေအတွက် တော်တော် အခက်အခဲဖြစ်နေတယ်” လို့ ဒေသခံတွေက ပြောပါတယ်။
စည်ပင်သာယာကရေကို အားထားအသုံးပြုနေရတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ရေမရရှိတဲ့အတွက် ပြင်ပရေသည်တွေဆီကနေ ရေတစည်ကို ကျပ် ၆,၀၀၀ ပေးပြီး ဝယ်ယူသုံးစွဲနေရတာတွေကြောင့် သက်ဆိုင်ရာက ပြည်သူတွေရဲ့ သောက်သုံးရေ အခက်အခဲကို ဖြေရှင်းပေးဖို့လိုတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားတာ၊ စစ်ကောင်စီက စစ်ကြောင်းထိုးတာ၊ နေအိမ်တွေကို မီးရှို့တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ ရေတွင်းရေကန်တွေ ရေခန်းခြောက်တာတွေကြောင့် သောက်သုံးရေအခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီနောက်ပိုင်း မြန်မာနိုင်ငံတဝန်း လျှပ်စစ်မီးတွေ အချိန်ကြာမြင့်စွာ ပြတ်တောက်နေပြီး မန္တလေးမြို့မှာ ရပ်ကွက်အလိုက် သောက်သုံးရေ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီးက တစ် ရက် ၄ နာရီသာရရှိတဲ့အတွက် ချမ်းအေးသာဇံမြို့နယ်မှာ ရေပြတ်တောက်မှုတွေ ကြုံနေရတယ်လို့ ရပ်ကွက်နေသူများကပြောပါတယ်။
ရပ်ကွက်နေပြည်သူတစ်ဦးက“မြို့ပေါ်မှာနေတာဆိုတော့ ရေက မီးလာမှတင်လို့ရတာလေ။ လျှပ်စစ်မီးက တစ်ရက်ကို ၄ နာရီပဲလာတယ်။ လာတဲ့ အချိန်လေး ရေတင်ရတယ်။ ရေကိုလည်းချွေတာသုံးနေရတယ်။ နွေရာသီဆိုတော့ ရေတွင်းကလည်း ရေမများတော့ ရေပြတ်လပ်မှုကြုံရတယ်” လို့ ပြောဆိုပါတယ်။
မန္တလေးမြို့မှာ ဧပြီ ၂၁ ရက်ညပိုင်းက လေပြင်းတိုက်ခတ်မှုအပြီး လျှပ်စစ်မီးပြတ်တောက်ချိန်ကြာမြင့်မှုကြောင့် ရပ်ကွက်အများစုမှာ သောက်သုံးရေပြတ်လပ်မှုတွေ ကြုံတွေ့နေရတာကြောင့် ညီနောင်အသင်းများစုပေါင်းပြီး ကူညီပေးနေတယ်လို့ မြို့နယ် လူမှုကူညီရေးပရဟိတ အသင်းများက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)အနေနဲ့ ရေဂါလံ ၃၄၀၀ ဆံ့ ရေသယ်ယာဉ်၊ ရေဂါလံ ၁၀၀၀ ဆံ့ ရေသယ်ယာဉ် နဲ့ ရေဂါလံ ၅၀၀ ဆံ့ ရေသယ်ယာဉ်တို့နဲ့ သုံးရေ အခက်အခဲဖြစ်နေတဲ့ရပ်ကွက်တွေကို ဖြန့်ဖြူးပေးနေပါတယ်။