နိုင်ငံတကာမှာ မီးရထားတွေကို လျှပ်စစ်ဓာတ်အားအသုံးပြု ပြေးဆွဲနေကြတာဖြစ်လို့ မြန်မာနိုင်ငံမှာလည်း လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံတိုက်တွန်းပြောကြားလိုက်ပါတယ်။
မေလ ၂၇ ရက် မနက်က ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
“တနိုင်ငံလုံးလျှပ်စစ်စက်ခေါင်းတွေနဲ့ ပြေးဆွဲနိုင်ရေး အဓိကထားရည်မှန်းဆောင်ရွက်ရမှာ ဖြစ်လို့ မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)အနေနဲ့ လျှပ်စစ်စက်ခေါင်းငယ်တွေကစလို့ သုတေသနပြုထုတ်လုပ်ပြီး အဲဒီကတဆင့် အဆင့်မြှင့်တင်တာနဲ့ လျှပ်စစ်စက်ခေါင်းကြီးတွေ ထုတ်လုပ်ခြင်းလုပ်တဲ့လုပ်ငန်းကို အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုတယ်”လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
လျှပ်စစ်ရထားတွေပြေးဆွဲနိုင်ရေးလိုအပ်တဲ့ လျှပ်စစ် ဓာတ်အားသုံးစက်ခေါင်းတွေ ထုတ်လုပ်နိုင်ရေး နိုင်ငံတကာက နည်းပညာတွေကိုလေ့လာပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေနဲ့ ပြည်ပမှဝယ်ယူရမယ့် ပစ္စည်းတွေကိုပေါင်းစပ်ပြီး ပထမခြေလှမ်းအနေနဲ့ ဒီဇယ်လျှပ်စစ်သုံး(DEMU) စက်ခေါင်းတွေ တည်ဆောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းတွေကတဆင့် လျှပ်စစ်ရထား(EMU)အထိ ပြေးဆွဲနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့လည်းတိုက်တွန်းပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ဒီဇယ်လျှပ်စစ်သုံးရထားများအသုံးပြု၍ မြို့ပတ်ရထားများပြေးဆွဲနေတာဖြစ်ပြီး တနိုင်ငံလုံးရှိ အဓိကကျတဲ့နေရာတွေကို လျှပ်စစ်ရထားအသုံးပြုပြေးဆွဲနိုင်ရေး အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားဖို့လိုတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံအနှံ့ သွားရောက်တဲ့ခရီးစဉ်တွေ တွေ့ဆုံပွဲတွေမှာလည်း လျှပ်စစ်ရထားတွေ၊ မြေအောက်ရထားတွေ ပြေးဆွဲဖို့ ကိစ္စ အခုလိုပဲ မကြာခဏ ပြောဆိုလေ့ရှိတာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံတဝန်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေအတွက် လျှပ်စစ်မီးတွေ လုံလောက်အောင်မပေးနိုင်ဘဲ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
Photo- MOI
မြန်မာတနိုင်ငံလုံးလျှပ်စစ်ရထားလမ်းနဲ့ လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့၊ မြို့ပေါ်တွေမှာသုံးတဲ့ကားတွေဟာလည်း လျှပ်စစ်ကားတွေဖြစ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီခန့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင်က “Public Transportation ကိုကျနော်တို့ကအားပေးဖို့လိုတယ်။ အဲ့ဒီ Public Transportation မှာ လျှပ်စစ်ကိုရအောင်ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ ဒါ့ကြောင့်ကျနော်က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် တွန်းအားပေးနေ ခြင်းဖြစ်ပါတယ်။ တနိုင်ငံလုံးလျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တနိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တနိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်လမ်း အတိုင်းသွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ ကားတွေက လျှပ်စစ်ကားတွေဖြစ်ရမယ်။ ဒီမူဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျနော်တို့ ကြေညာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကို ဘယ်အဆင့်မှာပြောင်း ပြီးသားဖြစ်ရမယ်။ Private Use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေ၊ ကားငယ်လေးတွ ဆိုလို့ရှိရင်။ လုပ်ငန်းခွင်သုံးတဲ့ ကားကြီးတွေကတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေ။ နည်းပညာအရ အခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့အခြေအနေတွေ ကျနော်တို့ ကြည့်ရဦးမယ်။ အခုနကပြောတဲ့ လူစီးကားကတော့ဖြစ်တယ်။ ဘတ်စ်ကားတွေဖြစ်နိုင်တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျနော်တို့ လုပ်ရမယ်။ ဒါမှမလုပ်ရင်လည်း ကျနော်တို့ ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်။”
မြန်မာနိုင်ငံမှာ ကမ်းလွန်နဲ့ ကုန်းတွင်းသဘာဝဓာတ်ငွေ့တွေထုတ်လုပ်နေပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချလျက်ရှိသကဲ့သို့ ပြည်တွင်းမှာလည်း သဘာဝ ဓာတ်ငွေ့တွေအသုံးပြု လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွေရှိကြောင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ လေအားလျှပ်စစ်ဓာတ်အားတွေ ထုတ်ယူလို့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါအပြင် ဓာတ်မြေဩဇာစက်ရုံတွေ ဆောက်ဖို့နဲ့ ဘိလပ်မြေနဲ့ သံချောင်းတွေ လုံလောက်စွာထုတ်လုပ် ကြဖို့လည်း စစ်ကောင်စီခန့် ဝန်ကြီးတွေကို တိုက်တွန်းပြောကြားခဲ့ ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ဒီကနေ့စတင်ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တော့ ဖိတ်ကြား မခံရတဲ့အတွက် တက်ရောက်နိုင်ခြင်း မရှိပါဘူး။
Photo-DSINFO