မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက်မှာ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျိုက်ထိုမြို့နယ် EPC လျှပ်စစ်အင်ဂျင်နီယာ (AE) မိုင်းအောင်နေထွန်း(ခေါ်) ရှမ်းလေး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ (AE) မိုင်းအောင်နေထွန်းနဲ့ လျှပ်စစ်ဝန်ထမ်း ၃ ဦးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး နေအိမ်ကို မီးပြင်ဖို့လာစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ (AE) မိုင်းအောင်နေထွန်းဟာ သေနတ်ဒဏ်ရာ ၅ ချက်ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားခဲ့တာပါ>
ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်အင်ဂျင်နီယာ မိုင်းအောင်နေထွန်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်ပြီး ကျိုက်ထိုမြို့နယ်အတွင်းက မီတာခမဆောင်တဲ့ ကျေးရွာတွေကို မီးဖြတ်ဖို့ အဓိက ညွှန်ကြားနေသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်အင်ဂျင်နီယာ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီနေ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ စစ်ဆေးတာတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်အင်ဂျင်နီယာကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ရှင်းလင်းခဲ့လဲဆိုတာ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မီတာခ မဆောင်တဲ့ ကျေးရွာတွေနဲ့ နေအိမ်တွေကို လျှပ်စစ်မီး ဖြတ်တောက်မှုတွေ ရှိနေတဲ့အတွက် ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကိုလည်း စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်အင်အားစုတွေက ၃ ကြိမ်ထက်မနည်း ဗုံးခွဲသတိပေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့က လျှပ်စစ်ဦးစီးမှူးကို မီတာခမကောက်လို့ဆိုပြီး စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့အမှုဖွင့်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“သူ့ကို မီတာကြေး မကောက်လို့ဆိုပြီး အမှုဖွင့်တာလို့တော့ ကြားတယ်။ ဒါပေမဲ့ စစ်ကောင်စီက လျှပ်စစ်မီးဖြတ်ခိုင်းတာ ဖြတ်မပေးတဲ့ကိစ္စတွေလည်း ပါတယ်။ စစ်ကောင်စီက သူတို့ခိုင်းတာ မရလို့ ၅၀၅(က) နဲ့တရားစွဲတာဖြစ်နိုင်တယ်”လို့မြို့ခံတစ်ဦးကပြောပါတယ်။
တရားစွဲခံရတဲ့ လျှပ်စစ်ဦးစီးမှူးဟာ Non-CDM တစ်ဦးဖြစ်ပေမဲ့ စစ်ကောင်စီက မီတာကြေး အတင်းအကြပ်ကောက်ခိုင်းတာနဲ့ လျှပ်စစ်မီး ဖြတ်တောက်ခိုင်းမှု ကိစ္စတွေမှာ လိုက်လျော လုပ်ဆောင်ပေးခြင်း မရှိလို့ စစ်ကောင်စီက တရားစွဲဆိုလိုက်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ရေဦးမြို့နယ်မှာ လျှပ်စစ်မီးရရှိတဲ့ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး မြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိပြီးပြီလို့ သိရပါတယ်။