close

လျှောက်လွှာ

close

August 5, 2022

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ လျှောက်လွှာဝယ်သူများလွန်းသဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်

ရန်ကုန်မြို့မှာ ဒီဇင်ဘာလဖြေဆိုရမယ့်  ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) N4 level  လျှောက်လွှာတွေကို မနက် ၂ နာရီလောက်ကတည်းက လာရောက်တန်းစီ ဝယ်ယူသူတွေ များပြားတဲ့အတွက် အွန်လိုင်းစနစ်နဲ့သာ ရောင်းချသွားတော့မယ်လို့ Myanmar Association of Japan Alumni (MAJA) က ထုတ်ပြန်ပါတယ်။

အဆိုပါလျှောက်လွှာတွေကို  သြဂုတ် ၃ ရက်မှာ N5 level က စတင်ရောင်းချခဲ့တာဖြစ်ပြီး လူတဦးကို လျှောက်လွှာ ၂ စောင်နှုန်းနဲ့ ရောင်းချပေးနေပြီး တရက်တည်းမှာပဲ N5 level လျှောက်လွှာအစောင်ရေ ၄,၇၅၀ လုံး ရောင်းကုန်သွားခဲ့တာပါ။

ဒီနေ့ သြဂုတ် ၅ ရက်မှာ N4 level အတွက် ရောင်းချပေးသွားမှာဖြစ်ပြီး လက်မှတ် ၈,၀၀၀ ကို ၃ ရက်ခွဲပြီး ရောင်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ရောင်းချနိုင်ခြင်း မရှိခဲ့ပါဘူး။

ရန်ကုန်မှ JLPT လျှောက်လွှာသွားဝယ်သူတဦးက “ဖောင်ဝယ်ဖို့ မနက်အစောကြီးကတည်းက မိုးရွာထဲ လာစောင့်တန်းစီးနေတဲ့သူတွေကို မထီမဲ့မြင်ပြုသလိုပါပဲ။ မနက် ၂ နာရီလောက်တည်းက အပြေးအလွှားနဲ့ ဖောင်ဝယ်ဖို့ လူ ၅,၀၀၀ လောက်ရှိနေတာ။ မာရှယ်လောထုတ်ထားတဲ့အချိန်၊ ခိုးဆိုးဓားပြမှုတွေ ပေါနေတာတောင် မကြောက်နိုင်ဘဲ လာကြရတာ။ ဒီနေ့ N4 အတွက် တစောင်မှ မရောင်းပေးရသေးဘဲ လူအရမ်းများလို့ မရောင်းပေးဘူးပြောတယ်။ လိုချင်တဲ့သူကတော့ များမှာပဲ၊ ကိုယ်ချင်းစာကြည့်သင့်တယ်။ ပြည်ပျက်ကြီးက ရုန်းထွက်နိုင်ဖို့ လူတွေ ဘယ်လောက်ဒုက္ခခံနေရလဲဆိုတာ” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလေးမှာလည်း JLPT လျှောက်လွှာဝယ်ယူသူတွေ အဆမတန် များပြားတာကြောင့် အွန်လိုင်းစနစ်နဲ့သာ ရောင်းချပေးမယ်လို့ ထုတ်ပြန်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဂျပန်အရည်အချင်းစစ်စာမေးပွဲဟာ JLPT အပြင် Net Test၊ Top J နဲ့ တခြားစာမေးပွဲတွေလည်း ရှိပါတယ်။

MAJA နဲ့ ကျောင်းသားတွေအကြား အနည်းငယ်တင်းမာမှုတွေရှိခဲ့လို့ ရဲနဲ့ စစ်ကားတွေခေါ်ပြီး နာရီဝက်အတွင်း မပြန်ရင် ပစ်မယ်ဆိုတဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ လျှောက်လွှာ သွားရောက်ဝယ်ယူသူ ကျောင်းသားတွေဆီက သိရပါတယ်။

လျှောက်လွှာရောင်းချတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ထပ်မံကြေညာသွားမှာဖြစ်ပြီး စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ‌ကျောင်းသူကျောင်းသားတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း MAJA က တောင်းဆိုထားပါတယ်။

4 mins Ago

December 18, 2019

ရွှေ့ပြောင်းလုပ်သားများထံ ထိုင်းနိုင်ငံသားဖြစ်ခွင့်လျှောက်လွှာ လိမ်ရောင်းသည့် သတင်းဌာနကို ဖမ်းဆီး 

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ထဲမှာ နိုင်ငံခြားရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်လွှာ လိမ်လည်ရောင်းချပေးနေတဲ့ လူထုသတင်းဌာနတခုကို တာဝန်ရှိသူတွေက မနေ့က ဝင်ရောက်စီးနင်း ဖမ်းဆီးလိုက်ပါတယ်။  မယ်ဟောင်ဆောင်ခရိုင် ခွန်ယုံးမြို့ ခွန်ယုံးရပ်ကွက်ထဲက တောဝ်နင်းဂျား အမည်ရှိ လူထုသတင်းဌာနမှာ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံသားပြုခွင့်လျှောက်လွှာ ရောင်းချပြီး မှတ်ပုံတင်ပေးနေကြောင်း သတင်းပေးချက် ရရှိတဲ့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံး၊ လ.၀.က နဲ့ နယ်မြေခံရဲတွေခေါ်ပြီး မနေ့က သွားရောက် စစ်ဆေးခဲ့တယ်လို့ ခွန်ယုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးနရုန်းချိုင်း ကျင်းတားဖန်းက သတင်းထောက်တွေကို ပြောပါတယ်။  တာဝန်ရှိသူတွေ ရောက်သွားတဲ့အချိန်မှာ သတင်းဌာနရှေ့မှာ ထိုင်းနိုင်ငံသား မှတ်ပုံတင်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ လူတအုပ်ကို တွေ့ရကြောင်း၊ သူတို့ကို မြင်တာနဲ့ လူအုပ် ရုတ်ရုတ်သဲသဲ ဖြစ်ပြီး အချို့က ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။  ရုံးရှေ့မှာ စားပွဲချပြီး လျှောက်လွှာဖြည့်ပေးနေတဲ့ ဝန်ထမ်း ၃ ယောက်ကို မေးမြန်းရာမှာ ထိုင်းနိုင်ငံသား လျှောက်ထားဖို့ လျှောက်လွှာ ၁ စောင်ကို ဘတ် ၁၀၀ နှုန်းနဲ့ ရောင်းချပြီး လက်ခံနေတာဖြစ်ကြောင်း၊ လာရောက်လျှောက်ထားသူတွေမှာ ထိုင်းစာမတတ်တဲ့အတွက် ကူညီဖောင်ဖြည့်ပြီး လက်ဗွေတွေပါ နှိပ်ပေးနေတာလို့ ဆိုပါတယ်။  လျှောက်လွှာလာတင်သူတွေကို စစ်ဆေးရာမှာတော့ တချို့မှာ မြန်မာအစိုးရက ထုတ်ထားပေးတဲ့ အစိမ်းရောင်စီအိုင်ကတ်ကိုင်ဆောင်ထားပြီး တချို့မှာ ဆယ်နှစ်ခံ တောင်ပေါ်သားကတ်နဲ့ တချို့မှာ နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားကာ တချို့ကတော့ ဘာအထောက်အထားမှ မရှိကြပါဘူး။  ပြည်သူ ၁ ဦးဟာ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားပဲ ဖြစ်ခွင့်ရှိပြီး နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်ခွင့် မရှိတဲ့အတွက် အစိမ်းရောင်စီအိုင်ကတ်ရှိသူ၊ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ ၁ အုပ်စု၊ ဘာအထောက်အထားမှ မရှိသူတွေကို ၁ အုပ်စုခွဲပြီး နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ သက်ဆိုင်ရာဥပဒေအရ အရေးယူဖို့ ခွန်ယုံးရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မြို့နယ်မှူးက ပြောပါတယ်။ ဖမ်းဆီးအရေးယူခံရတဲ့ နိုင်ငံခြားသား ဘယ်နှဦးရှိလဲ ဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။  ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး တောဝ်နင်းဂျားသတင်းဌာနနဲ့ လူထုသတင်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ နိုင်းနိဖန်းချာ၀လစ်ဘန်းရုန်းကိုလည်း တရားမဝင် နိုင်ငံခြားသားတွေကို ထိုင်းမှာ နေခွင့်ရရေး အားပေးကူညီမှု၊ ခိုလှုံခွင့်ပေးပြီး အကာအကွယ်ပေးမှုတွေနဲ့ ကနဦး အရေးယူဖို့ ဖမ်းဆီးလိုက်ပါတယ်။  ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၇  ဖေဖော်ဝါရီ ၂၄ ရက်က နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်ပြဋ္ဌာန်းချက်ကို ထုတ်ပြန်ခဲ့ရာမှာ ထိုင်းနိုင်ငံမှာ ‌မွေးဖွားကြီးပြင်းလာတဲ့ နိုင်ငံခြားသား ကလေးတွေအနေနဲ့ နိုင်ငံသား‌လျှောက်ထားခွင့်ရှိရမယ်လို့ ပါရှိပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့ ထိုင်းနိုင်ငံသားအဖြစ် ပြောင်းလဲသူ ဖြစ်ရမယ့်အပြင် ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရမှာဖြစ်ပြီး အဆင့်ဆင့် စိစစ်မှုကို ခံယူရမှာဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရာမှာလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးရှိ နိုင်ငံသားမှတ်ပုံတင်ဌာနတွေမှာသာ လာရောက်လျှောက်ထားရမှာ ဖြစ်ကြောင်း၊ လုပ်ရင်လည်း တနေရာတည်းကွက်ပြီး လုပ်ပေးတာမရှိဘဲ တနိုင်ငံလုံးသိအောင် ကြေညာချက်ထုတ်ပြန်ပြီးမှ တနိုင်ငံလုံး လုပ်ပေးတာမို့ မမှန်ကန်တဲ့ သတင်းတွေကို မယုံကြည်ဖို့ ခွန်ယုံးမြို့နယ် အုပ်ချုပ်ရေးမှူးက သတိပေး ပြောကြားပါတယ်။  ကိုးကား - ချင်းမိုင်နယူးစ်
3 years Ago
Up