လွတ်မြောက်နယ်မြေမှာ “နွေဦးကျန်းမာ” အမည်နဲ့ အဆင့်မီဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းတခုကို ဖွင့်လှစ်ထားပြီး ရောဂါရှာဖွေကုသမှုတွေ ပိုမိုထိရောက်အားကောင်းလာတော့မှာဖြစ်တယ်လို့ ဆေးတက္ကသိုလ် ၂၊ ရန်ကုန်ကျောင်းသားကော်မတီက ထုတ်ပြန်ပါတယ်။
ဒေသခံလူထုနဲ့ စစ်ရှောင်ပြည်သူတွေအတွက် ရောဂါရှာဖွေကုသမှုတွေ ပိုမိုထိရောက် အားကောင်းလာစေဖို့နဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်ရာ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်တွေနဲ့အတူ လည်ပတ်ဆောင်ရွက်နေပြီဖြစ်ကာ သွေး၊ သလိပ်၊ ဆီးနဲ့ဆိုင်ရာ ဓာတ်ခွဲစစ်ဆေးမှုတွေနဲ့ ရောဂါတွေကို ထိရောက်စွာ ကိုင်တွယ်ကုသနေတယ်လို့ ဆိုပါတယ်။
ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းကလည်း “နွေဦးကျန်းမာ” အမည်နဲ့ အထွေထွေရောဂါကုနှင့် သင်ကြားရေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနကို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ ဦးစီးဖွင့်လှစ်လိုက်ခဲ့ပြီး အတွင်းလူနာဌာန၊ ကလေးကုသဆောင်၊ ခွဲစိတ်ခန်းနဲ့ လူနာသယ်ယူပို့ဆောင်ရေးစနစ်တွေကို ပြင်ဆင်နေကာ လိုအပ်တဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းတွေကိုလည်း တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဆေးရုံကို အဆင့်မြှင့်တင်ပြီးရင်တော့ ကျေးရွာပေါင်း ၃၀ ကျော်နဲ့ လူဦးရေ ၁၅၀၀၀ ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်မှာဖြစ်ပြီး ဆေးရုံရဲ့ အထွေထွေလိုအပ်ချက်တွေအတွက် လှူဒါန်းလိုပါက ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီဖေ့စ်ဘွတ်ခ် စာမျက်မှာကတဆင့်၊ ဒါမှမဟုတ် အီးမေးလ်လိပ်စာ[email protected] တွေဆီ ဆက်သွယ်လှူဒါန်းနိုင်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက် မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက် ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာစတဲ့ အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို လက်နက် အားကိုးဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်နက်တွေနဲ့တကွ ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ဆုကြေးငွေ တယောက် ကျပ်သိန်း ၁၀၀ စီ ပေးအပ်ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
မြိုင်ပကဖရဲ့ ထုတ်ပြန်ချက်မှာတော့ အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ပေါက်မြို့နယ် ဇီးပြားရဲစခန်းမှဖြစ်ပြီး G3 တလက်နဲ့ ကျည်ဘောက် ၂ ခု၊ G4 တလက်နဲ့ ကျည်ဘောက် ၄ ခု၊ ကျည် ၄၇၀၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ အမြင်မှန်ရကာ ဩဂုတ် ၁၀ ရက် ၂ နာရီလောက်က ပူးပေါင်းလာခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ရှေ့တန်းစခန်းတွေ၊ ဖိအားပေးစေခိုင်းခံရတဲ့ ရဲစခန်းတွေ အများစုမှာတော့ အလုပ်ပင်ပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရတာတွေကြောင့် တပ်နဲ့ ရဲဘက်ကနေ စွန့်ခွာချင်နေတဲ့ တပ်မတော်သား စစ်သည်တွေ၊ ရဲဝန်ထမ်းတွေလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီဖြစ်တာမို့ ကျန်ရှိနေသေးတဲ့ ရဲဘော်တွေအနေနဲ့လည်း အမြင်မှန်ရကာ ပြည်သူနဲ့ ပူးပေါင်းကြဖို့လည်း မြိုင်ပကဖက မေတ္တာရပ်ခံ သတိပေးထားပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ သိရပါတယ်။