ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်နယ်စပ်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားအချင်းချင်း မကျေမနပ်ဖြစ်ရာမှ ကလေးတဦးအားသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလောင်းတွေ့ရှိလို့ လာရောက်ကြည့်ရှုနေတဲ့ ဒေသခံတယောက်က “လွယ်ဂျယ်မှာ ကလေးတယောက်ပျောက်တာ ဒီမနက် ရှာတွေ့လို့ လွယ်ဂျယ်တမြို့လုံး လာကြည့်နေကြတယ်။ ကြံခင်းအလယ်မှာ သတ်ပြီး ဖျောက်ထားတာ။ ကြံရွက်တွေနဲ့ပဲ ဖုံးထားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အသက် ၅ နှစ်ဝန်းကျင်ရှိ ကလေးငယ်ဟာ ဇူလိုင် ၈ ရက်က ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒေသခံတွေ ဝိုင်းဝန်းရှာဖွေခဲ့ပေမဲ့ မတွေ့ရှိဘဲ လူသတ်တရားခံလို့ ယူဆရသူက ဒီကနေ့မနက်က အလောင်းဖျောက်ထားတဲ့နေရာကို လိုက်ပြခဲ့တာလို့ ကူညီသယ်ဆောင်ပေးသူတယောက်က ပြောပါတယ်။
“မနက်ကျမှ ကျနော်တို့ နာရေးကူညီမှုအသင်းကို လာခေါ်မှ သိတာ။ ရဲတွေရော၊ တာဝန်ရှိသူတွေရော လက်နက်တွေနဲ့ ဘာတွေနဲ့ သွားပြီးမှ အဲတရားခံကပြလို့ အလောင်းကိုတွေ့မှ ကျနော်တို့ သယ်ပေးနေတာ။ တရားခံမိလို့ ဒီအလောင်းပေါ်တာ။ ကျနော်တို့က သာမန်လူ သွားတွေ့တာမဟုတ်ဘူး။ တရားခံကမိလို့ ပေါ်တာ။”
တရားခံလို့ ယူဆရသူဟာ ထွက်ပြေးသွားခဲ့ပြီး ကျောက်စခန်း မရောက်ခင်မှာ ဒေသခံတွေ ဝိုင်းဝန်းကူညီမှုနဲ့ ပြန်လည်တွေ့ရှိ ဖမ်းဆီးခေါ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ကလေးမလေးက မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေ ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။
လက်ရှိမှာတော့ သေဆုံးသွားတဲ့အလောင်းကို မိုးမောက် ပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေး အတည်ပြုနိုင်ဖို့အတွက် ကူညီပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ လွယ်ဂျယ် မေတ္တာမွန် လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒေသခံတယောက်က “အရင်တုန်းက စကားများထားတဲ့ကိစ္စနဲ့ လူကြီးကို မလုပ်ဘဲနဲ့ ကလေးကိုလုပ်တာ။ မကျေနပ်တာ သူ့အမေကို မကျေနပ်တာ။ ဒါပေမဲ့ သူ့သမီးကို လုပ်လိုက်တာ။ တရားခံက အသက် ၃၀ ကျော် ၃၅ ဝန်းကျင်ရှိမယ်ထင်တယ်။ ခန့်မှန်းချေအရပေါ့။ မြို့ခံမဟုတ်ဘူး၊ ကျောက်ဆည်က။ ဒီဘက် အလုပ်လာလုပ်တာ။ အရင်က ကုန်တင်ကုန်ချပေါ့ အလုပ်က။ သေသွားတဲ့ ကလေးမိသားစုလည်း ကျောက်ဆည်ကပဲ။ သူတို့ အကုန်လုံး အလုပ်လာလုပ်ကြတာ ဟုတ်တယ်။ ဖြစ်တာက ၂ အိမ်။ အရင်တုန်းက မဖြစ်ဖူးဘူး လွယ်ဂျယ်မှာ။ မရှိဘူး ဒါမျိုး။ ကလေးလူသတ်မှု မရှိဖူးဘူး” လို့ ပြောပါတယ်။
နောက်ထပ် အခုလိုမျိုးဖြစ်မှာကို စိုးရိမ်နေကြပြီး ထပ်မဖြစ်ရအောင် ကြပ်ကြပ်မတ်မတ် အမှုစီရင်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီကလေး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့အပြင် တရားခံလို့ ယူဆရသူ အမျိုးသားကိုလည်း ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကာ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေက အမှုမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာကြောင့် တရုတ်- မြန်မာနယ်စပ် ကျင်စန်းကျော့နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးဂိတ်တွေကို ယာယီပိတ်ထားကြောင်း သိရပါတယ်။
တရုတ်ဘက်က အကောက်ခွန် ဝန်ထမ်းတွေနဲ့ ရှန်တိန်ယာဥ်မောင်းတွေမှာ ကိုဗစ်ပိုး တွေ့ရှိတဲ့အတွက် ကျင်ဆန်းကျော့ ကုန်သွယ်ရေးဂိတ်ကို ဒီနေ့ မနက်ပိုင်းက စတင်ပြီး ၂ ရက်ယာယီ ပိတ်လိုက်တယ်လို့ သိရပါ တယ်။
ရွှေလီမြို့ကိုလည်း ဒီနေ့ မနက်ပိုင်းကစပြီး ၂ ရက်ကြာလော့ဒေါင်းချထားမယ်လို့လည်း သိရပါတယ်။
ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်ကုန်ရေးဂိတ်ကိုတော့ မတ်လ ၁ ရက်နေ့က စတင်ပြီး ၃ ရက်ကြာ ယာယီပိတ်လိုက်တာပါ။
တရုတ်ပြည်ကို တင်ပို့မယ့် တရုတ်တစ်သျှူးငှက်ပျောဖာမှာ ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေး တွေ့ရှိခဲ့ပြီး၊ ယာဥ်မောင်း ၄ ယောက်မှာလည်း ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် လွယ်ဂျယ်ဂိတ်ကို ယာယီပိတ်လိုက်ရတာလို့ ကုန်သည်တွေထံက သိရပါတယ်။
ကျင်ဆန်းကျော့ ဂိတ်ကနေ တရုတ်နိုင်ငံကို သစ်သီး၀လံတွေ အပါအ၀င် လယ်ယာ ထွက်ကုန်တွေနဲ့ ရေထွက်ကုန်တွေကို အဓိက တင်ပို့နေတာဖြစ်ပြီး လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ တရုတ်ပြည်ကို ကြံ၊ပြောင်း၊ ဆန်၊ငှက်ပျောတို့ အဓိကတင်ပို့နေတာဖြစ်ပါတယ်။
လတ်တလော အဆိုပါ ကုန်သွယ်ရေး ဂိတ်တွေမှာ ပို့ကုန်ကားတွေ ရာနဲ့ ချီပိတ်မိနေတယ်လို့ သိရပါတယ်။