close

လွိုင်ကော်လေဆိပ်

close

January 5, 2023

လွိုင်ကော်လေဆိပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်လေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာ  စစ်ကောင်စီလက်အောက်ခံ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တယောက်  ဒဏ်ရာရရှိကာ လေဆိပ် အဆောက်အဦး အနည်းငယ်ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်လေဆိပ်ကို ပြီးခဲ့တဲ့  ဇန်နဝါရီ ၃ ရက် မနက် ၁၀ နာရီကတကြိမ်၊ ညနေ ၆ နာရီ ၂၅ မိနစ်မှာ တကြိမ်  ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရတာလို့ ဒေသခံ တဦးကပြောပါတယ်။

“ဒရုန်းနဲ့ ဗုံးသီးချတာ။ ရဲတဦးပေါင်မှာ အစမှန်၊ မစိုးရိမ်ရ။ အဆောက်အဦမြောက်ဘက် မြက်ခင်းပြင်မှာ ထပ်ကျတာ လူထိခိုက်မှုမရှိဘူး” လေဆိပ်တာဝန်ရှိသူနဲ့ နီးစပ်သူက ပြောပါတယ်။

လွိုင်ကော်လေဆိပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ လွိုင်ကော်မြို့အရှေ့ဘက်ကို  ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင်အမျိုးသမီး ၁ ဦး ထိခိုက်သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လွိုင်ကော်မြို့လေဆိပ်မှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက်ပိုင်းကလည်း  ရန်ကုန်-လွိုင်ကော် ပြေးဆွဲတဲ့ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရလို့ လေယာဉ်ပေါ်ပါလာတဲ့ အမျိုးသား တဦး ထိခိုက်ဒဏ်ရာရပြီးတဲ့နောက် လေယာဉ်ပြေးဆွဲမှု ရပ်နားထားခဲ့ရပါတယ်။

12 mins Ago

September 30, 2022

လွိုင်ကော်လေဆိပ်တွင် MNA လေယာဉ် ပစ်ခတ်ခံရပြီး ၁ ဦး ဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်မှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက်ပိုင်းက ရန်ကုန်-လွိုင်ကော်ပြေးဆွဲတဲ့ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရလို့ လေယာဉ်ပေါ်ပါလာတဲ့ အမျိုးသား တယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့ လေယာဉ်ပေါ်ပါ ခရီးသည်တွေက ပြောပါတယ်။

ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ပြေးဆွဲနေတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)မှ လေယာဉ်အမှတ် XY-AML ၊ ATR-72(600)ဟာ ခရီးသည် ၆၃ ဦးတင်ဆောင်ကာ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်လောက်မှာ ဆင်းသက်ဖို့ ပြင်ဆင်စဉ် အမြင့်ပေ ၃၅၀၀ ခန့်၊  လေယာဉ်ပြေးလမ်းရဲ့ မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ အရောက် ပစ်ခတ်ခံရတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် တဦးက “ကျနော့်ရှေ့က ဖောက်ထွက်သွားတာ။ ထိတာတော့ တယောက်ထဲပါ။ ဆီတိုင်ကီ မှန်ရင်တော့ ကုန်ပြီပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ပစ်ခတ်မှုကြောင့် လေယာဥ်ဘယ်ဘက် ဝမ်းဗိုက် ကျည်ဖောက် ဝင်ခဲ့ပြီး စီးနင်း လိုက်ပါလာတဲ့ ခရီးသည်တွေအနက် လွိုင်ကော်မြို့၊ ဧက ၅၀၀ ရပ်ကွက်နေ အမျိုးသား တဦး ညာပါးမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တာကြောင့်  လုံခြုံရေးအဖွဲ့ဝင်တွေက လွိုင်ကော်ဆေးရုံကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို KNPP နဲ့ PDF အဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပေမဲ့  KNPP နဲ့ PDF တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။  

စစ်ကောင်စီတပ်တွေဟာ အခုနောက်ပိုင်းမှာ တပ်အပြောင်းအရွှေ့နဲ့ တပ်အင်အား ပို့ဆောင်တာ တွေကို ခရီးသည်တင်လေယာဉ်တွေအသုံးပြု လုပ်ဆောင်တာ မြင်တွေ့နေရပါတယ်။ 

အခုလိုပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီဘက်က လေဆိပ်ကို လုံခြုံရေး အပြည့်ယူထားပြီး မြို့ပေါ်မှာ လည်း  စစ်ဆေးရေး တင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo-DSINFO

3 months Ago
Up