ချင်းမိုင်တန်ဆောင်တိုင် လွိုင်းကထုန်းပွဲကနေ နိုဝင်ဘာ ၂၁ ရက်က ဆိုင်ကယ် ၁ စီးတည်း အတူစီးပြီးပြန်လာတဲ့ မြန်မာအလုပ်သမား ၃ ဦးဟာ မယ့်ဟယ်ရပ်ကွက် ချင်းမိုင် - ဟွတ်မြို့နယ်သွား လမ်းမကြီးပေါ်မှာ ကားတစ်စီးနဲ့တိုက်မိပြီး ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ သွားတယ်လို့ Nation သတင်းမှာ ဖော်ပြပါတယ်။
သူတို့ ၃ ယောက်ဟာ နိုဝင်ဘာ ၂၀ ညဉ့်သန်ခေါင်းကျော်ထိ ပွဲလည်ပြီးပြန်လာစဉ် Porsche အမျိုးအစား SUV ကားသစ်တစ်စီးက ဝင်တိုက်လို့ ဆိုင်ကယ်မောင်းအမျိုးသား၁ ဦးနဲ့ နောက်က လိုက်စီးတဲ့ အမျိုးသမီးမှာ မီတာ ၄၀ အကွာ လမ်းမကြီးပေါ် လွှင့်စင်သွားပြီး ကယ်ဆယ်ရေး ကားတွေက ဆေးရုံကိုပို့ပေးခဲ့ပေမယ့် မကြာခင် သေဆုံးသွားကြောင်း၊ နောက် ၁ ဦးမှာတော့ ကိုယ်လက်နဲ့ခြေတောက်တွေမှာ ဒဏ်ရာရပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။
ကားမောင်းသူဟာ အသက် ၅၂ နှစ်ရွယ်ရှိ နိုင်းရူမ်းလဝင်းဆိုသူဖြစ်ပြီး မြေယာ ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှ ဦးဆောင်ဒါရိုက်တာဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်တာကို ချက်ချင်းမဆင်းလာဘဲ ရဲတွေလာရောက်မေးမြန်းတော့ ထိတ်လန့်တုန်လှုပ်နေပြီး ကောင်းစွာ မဖြေနိုင်ကြောင်း၊ တာဝန်ရှိသူတွေက သူ့ကိုအယ်လ်ကိုဟော(အရက်) တိုင်းတာပြီး စီစီကင်မရာတွေ စစ်ဆေးကာ လိုအပ်သလို အရေးယူသွားမယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့အလုပ်သမား ၂ ဦးမှာ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှ စိုင်းစိုး (၃၈) နှစ်နဲ့ လဲချားမြို့မှ နန်းဆိုင် (၃၄ နှစ်) တို့ဖြစ်ပြီး သူတို့အသုဘကို ချင်းမိုင်ဝပ်ကူတောက်မှာ ထားရှိကာ မနက်ဖန်သင်္ဂြိုဟ်မယ်လို့ နာရေးကူညီမှုအသင်းမှ စိုင်းတိုင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။
ဒဏ်ရာရသူမှာ အသက် ၃၄ နှစ်ရွယ်ရှိ စိုင်းတို့ ဆိုသူဖြစ်ပြီး လက်ရှိဆွန်ဒေါက်ဆေးရုံ မှာကုသနေကြောင်း၊ သူဟာ အရေးပေါ်ခန်းကုသနေဆဲမို့ဖြစ်စဉ်အသေးစိပ်မမေးရသေးဘဲ မျက်မြင်တွေ ပြောပြချက်အရ ကားမောင်းသူမှာ အရက်မူးနေတယ်လို့သိရကြောင်း၊ ဒါပေမဲ့ ရဲစခန်းကအမှုတွဲထွက်လာမှ သူတို့အတွက်နစ်နာကြေးတွေ တောင်းဆိုနိုင်မယ်လို့ စိုင်းတိုင်းထိန်က ပြောပါတယ်။
ကိုးကား - https://www.nationtv.tv/news/378853467
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၂ နှစ်ကြာရပ်နားခဲ့တဲ့ ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်ရဲ့ အထင်ကရရိုးရာပွဲတော်တွေထဲက လွိုင်းကထုန်း (မီးဖောင်မျှောပွဲတော်) ကို ထိုင်းဝန်ကြီးချုပ်ရဲ့ နိုင်ငံ့တံခါးဖွင့်လှစ်ခြင်း အစီအစဉ်အရ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ဒီနှစ် ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေ ရှိနေဆဲမို့ ကျန်းမာရေးလုံခြုံမှုအတွက် ပွဲတော်ကို အားလုံးအတွက်ရောဂါကြိုတင်ကာကွယ်တဲ့ New Normal ပုံစံနဲ့ ကျင်းပသွားမယ်လို့ ပွဲကျင်းပရေးကော်မတီက နိုဝင်ဘာ ၂ ရက် အစည်းအဝေးမှာ ပြောပါတယ်။
အဆိုပါ ပုံစံသစ်အရ ပွဲခင်းထဲ ဝင်လာမယ့်သူတွေနဲ့ ပွဲစီစဉ်သူတွေ လိုက်နာရမယ့်အချက်တွေလည်း သတ်မှတ်ထားပါတယ်။
ပွဲခင်းထဲဝင်လာမယ့်သူတွေဟာ မိမိကိုယ်မိမိ ပိုးကင်းစင်ကြောင်းသေချာသိပြီး ကူးစက်မှုပြန့်ပွါးနေတဲ့နေရာက မလာသူ၊ ပွဲအစီအစဉ်တွေ ကြိုတင်သိထားနိုင်အောင် ဖုန်းထဲမှာ ချင်းမိုင်တန်ဆောင်တိုင် အပလီကေးရှင်းကို ထည့်ထားဖို့၊ ကိုဗစ်ကာကွယ်ရေး CM wins အပလီကေးရှင်းနဲ့ Check in လုပ်ဖို့၊ ပွဲမဝင်ခင် အပူချိန်တိုင်းပြီး တဦးနဲ့တဦး ခပ်ခွာခွာနေကာ Mask အမြဲတပ်ဆင်ဖို့၊ အများသူငှာနဲ့ တွေ့မှုရှောင်ကြည်ဖို့၊ ပွဲခင်းထဲ ချပေးထားတဲ့ အယ်လ်ကိုဟော ဂျယ်လီတွေနဲ့ လက်ကို မကြာမကြာဆေးကြောဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ပွဲတော်ခင်းကျင်းသူတွေအနေနဲ့ ကျန်းမာရေးလုံခြုံရေးအတွက် ဌာနဆိုင်ရာပေါင်းစုံ နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့၊ မီးပုံးပျံမလွှတ်တင်ရ၊ မီးရှုးမီးပန်းဗျောက်အိုး မဖောက်ရ၊ ကုန်းလမ်း ရေလမ်း အဝင်အထွက် ယာဉ်ရပ်နားရာနေရာများ စည်းစနစ်ကျရေး ဆောင်ရွက်ဖို့ စတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ဖျော်ဖြေရေးအဖွဲ့အနေနဲ့ စင်ပေါ်မတက်ခင် နဲ့ စင်အောက်ဆင်းလာချိန်တိုင်း လက်ဆေးဖို့၊ လူနေသိပ်သည်းထူထပ်မှုမရှိအောင် စောင့်ကြည့်ထိန်းသိမ်းဖို့၊ Mask ကို အချိန်တိုင်းတပ်ဆင်ဖို့၊ အသုံးပြုပြီးသား Mask များ စနစ်တကျစွန့်ပစ်နိုင်ရေး စီစဉ်ထားဖို့၊ ပွဲမစခင် နဲ့ ပွဲပြီးတဲ့နောက်မှာ ပွဲခင်းတစ်ခုလုံးကို ပိုးသတ်ဆေးဖျန်းသန့်စင်ဆေးကြောဖို့လည်း ပါဝင်ပါတယ်။
ပွဲတော်မှာ မီးဖောင်အလှပြယာဉ် အနည်းဆုံး ၂၀ ကျော် စီတန်းလှည့်လည်မှာဖြစ်ပြီး ချင်း မိုင်မြို့တွင်းတလျှောက် စီးဆင်းသွားတဲ့ မယ့်ခါချောင်းထဲမှာလည်း လှေစီးပြီး မီးဖောင်မျှောဖို့ စီစဉ်ထားကြောင်း၊ မယ့်ခါချောင်းဟာ ချင်းမိုင်နဲ့အတူ တည်ရှိနေတာကြောင့် ချင်းမိုင်သူချင်းမိုင်သားတွေအနေနဲ့ ချောင်းရေသန့်ရှင်းရေး သဘာဝဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့အနေနဲ့ ချောင်းထဲမှာ မီးပဒေသာလှည့်မယ့် အစီစဉ် ထည့်ထားပြီး ပွဲမတိုင်ခင် အားလုံးဝိုင်းဝန်းပြီး ချောင်းရေသန့်ရှင်းရေးလုပ်ကြဖို့ ခရိုင်သဘာဝဝန်းကျင်ထိန်းသိန်းရေးဌာန ညွှန်မှူးက အစည်းအဝေးမှာ ပြောသွားပါတယ်။
ချင်းမိုင် လွိုင်ကထုန်းပွဲတော်ကို နိုဝင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့ ကျင်းပမှာဖြစ်ပြီး မြို့ရဲ့ အထင်ကရ နေရာအချို့မှာ မီးပုံးအလှဆင်ယင်ထားပါတယ်။
မီးပုံးအလှဓာတ်ပုံများ