close

လွှတ်တော်ကိုယ်စားလှယ်နေအိမ်

close

July 1, 2022

ဖားကန့်တွင် ချိပ်ပိတ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်အိမ်ကို ရဲနှင့်ပျူစောထီးအဖွဲ့ ဖျက်ဆီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာက ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းရဲ့ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေက ဇွန် ၃၀ ရက် ညနေ ၅ နာရီလောက်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားတွေက ပြောပါတယ်။

နေအိမ်ကို လာရောက်ဖျက်ဆီးသူတွေဟာ ရဲဝတ်စုံ၊ အရပ်ဝတ် ဝတ်ထားသူတွေအပြင် မိန်းကလေးတွေအပါအဝင် အင်အားသုံးလေးဆယ်လောက်ရှိတယ်လို့ ဆိုပါတယ်။

“သူတို့က ဘာမှပါမလာဘူး၊ အနားကအိမ်တွေကနေ ဓားတွေ လွှတွေ ငှားတယ်။ မငှားပေးလို့ သူတို့ဝင်ရှာလို့ တွေ့ရင် ရွာပါမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်” လို့ ရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဦးအောင်ဟိန်းမင်းရဲ့ နေအိမ်ကို ဇွန် ၂၉ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ချိပ်ပိတ်ထားခဲ့ပြီး ဇွန် ၃၀ ရက် ညနေမှာ ထပ်မံလာရောက်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အိမ်ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့လိုချင်တာတွေကို ယူဆောင်သွားခဲ့ပြီး နေအိမ်တိုင်တွေကိုပါ ဖြတ်တောက်ကာ အတွင်းရှိ ပစ္စည်းတွေကိုလည်း တစစီ ရိုက်ခွဲဖျက်ဆီးသွားတယ်လို့ ရှရော်ခရွာသားတွေက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လွတ်မြောက်နယ်တခုကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

26 mins Ago

August 20, 2021

တန့်ဆည် လွှတ်တော်ကိုယ်စားလှယ်နေအိမ်အချို့ကို စစ်တပ်က စီးနင်း၊ ပြည်သူ ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ နေအိမ်တွေကို ဩဂုတ်လ ၁၉ ရက် ည ၇ နာရီလောက်မှာ စစ်တပ်အင်အား ၃၀‌ လောက်နဲ့ ဝင်ရောက်စီးနင်းရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “မနေ့ည ၇ နာရီလောက်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေရဲ့အိမ်ကို‌ဝင်ပြီး ရှာကြတယ်၊ တစ်နာရီလောက်ရှာဖွေနေကြပြီး ပြန်သွားတယ်။ နောက်ထပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းအိမ်ကို ရှာတယ်လို့ ပြောတယ်။ ဘာကြောင့်ရှာတယ်၊ ဘာရှာတယ် ဆိုတာတော့ မသိရဘူး။ ကိုယ်စားလှယ်တွေကလည်း အဲဒီအိမ်တွေကို မနေတာကြာပြီ၊ ၅၀၅ (က) ထုတ်ပြီးကတည်းက သူတို့အားလုံးမိသားစုလိုက် ပြောင်းသွားကြတာ၊ ဒီမှာ အုပ်အော်သောင်းတင်း ဆန္ဒပြနေကြတာကို လာမကြည့်ကြတော့‌တာ အခုအချိန်အထိပဲ” လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အိမ်တွေ ဝင်ရောက်မစီးနင်းမီ ညနေ ၅ နာရီလောက်ကလည်း မြို့ပေါ်က ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ ဦးကံတင်ကို စစ်တပ်က ဖမ်း‌ဆီးခေါ်ဆောင်သွားကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွှေဘိုခရိုင်အတွင်းက ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း စတဲ့ မြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နေအိမ်တွေကို အဓိက ပစ်မှတ်ထားရှာဖွေတာတွေ ပြုလုပ်နေကြပြီး NLD နဲ့ ပတ်သက်တဲ့ အလံ တံဆိပ် ရင်ထိုးကစပြီး စာရွက်စာတမ်းနဲ့ အသုံးအဆောင် ပစ္စည်းအဆုံး သိမ်ယူနေတာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

11 months Ago
Up