ပါကစ္စတန်တရားရုံးချုပ်က ဝန်ကြီးချုပ် အင်မရန်ခန်းရဲ့ လွှတ်တော်ဖျက်သိမ်းရေး ဆောင်ရွက်မှုဟာ အခြေခံဥပဒေနဲ့ မညီကြောင်းနဲ့ ဥပဒေပြုအမတ်တွေ လွှတ်တော်ကို ပုံမှန်ပြန်ဝင်ကြဖို့ အမိန့်ချလိုက်ပါတယ်။
အဲဒီဆုံးဖြတ်ချက်က အင်မရန်ခန်းရဲ့ ဝန်ကြီးချုပ်သက်တမ်း အခုရက်ပိုင်း အဆုံးသတ်ဖို့ များသွားစေပါတယ်။
အောက်လွှတ်တော်က ဝန်ကြီးချုပ်ရာထူးဖယ်ရှားဖို့ အယုံအကြည်မရှိ အဆိုအပေါ် မဲခွဲမှာကြောင့် ခန်းက အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ လုပ်ဆောင်တာပါ။ ဒါပေမဲ့ ဧပြီ ၇ ရက်နေ့မှာ တရားရုံးချုပ်က လွှတ်တော်အနေနဲ့ ပုံမှန်အတိုင်း ဆက်ရှိပြီး မဲခွဲမှုကို ဆက်လုပ်ပါလို့ ဆုံးဖြတ်ခဲ့တာပါ။
အတိုက်အခံတွေနဲ့ အင်မရန်ခန်းကို ထောက်ခံသူတွေက အဖြူရောင်တရားရုံး အဆောက်အဦအပြင်ဘက်မှာ ဆုံးဖြတ်ချက်ကို စောင့်နေခဲ့ပါတယ်။ တရားရုံးက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ချိန်မှာ အတိုက်အခံတွေ ပျော်ရွှင်အော်ဟစ်ခဲ့ပါတယ်။
ခန်းကို ထောက်ခံသူတွေကတော့ အမေရိကန်ဆန့်ကျင်ရေးတွေ ကြွေးကြော်ပြီး သူ့ကိုဖြုတ်ချဖို့ အမေရိကန်က ဝင်လက်လျှိုခဲ့တယ်လို့ စွပ်စွဲနေတာပါ။
လူဦးရေ သန်း ၂၂၀ ရှိပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ပါကစ္စတန်နိုင်ငံဟာ ရူပီးငွေကြေးကျဆင်းမှုနဲ့ နိုင်ငံခြား အရန်ငွေ ပြတ်လပ်လာမှုကြောင့် စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုတွေ ကြုံနေရတာပါ။
အသက် ၆၉ နှစ်ရှိ ကမ္ဘာကျော် ခရစ်ကက်ကစားသမားဟောင်း ခန်းဟာ ၂၀၁၈ မှာ အာဏာရရှိခဲ့ပြီး ပါကစ္စတန်ကို အဂတိလိုက်စားမှုကင်းပြီး ကမ္ဘာ့ဇာတ်ခုံပေါ် ကြွယ်ဝမှုနဲ့ ရောက်ရှိစေရမယ်လို့ ကတိပေး တက်လာပေမဲ့ ပြီးခဲ့တဲ့အပတ်မှာ အတိုက်အခံပါတီတွေ စုပေါင်းပြီး လွှတ်တော်မှာ သူ့ကို အယုံအကြည်မရှိမဲခွဲပြီး ဖြုတ်ချဖို့ ကြိုးပမ်းခဲ့တာပါ။
ခန်းက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပေမဲ့ အခု တရားရုံးဆုံးဖြတ်ချက်ကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒီနေ့ပြုလုပ်မယ့် လွှတ်တော် အယုံအကြည်မရှိ မဲခွဲမှုမှာ ခန်း ရှုံးနိမ့်သွားခဲ့ပါက အတိုက်အခံတွေ ရွေးချယ်တဲ့ ဝန်ကြီးချုပ်သစ်က ၂၀၂၃ ဩဂုတ်လ ရွေးကောက်ပွဲမတိုင်ခင်အထိ ရာထူးရရှိထားမှာ ဖြစ်ပါတယ်။
လက်ရှိပါကစ္စတန်နိုင်ငံရေး အရှုပ်အထွေးထဲမှာ စစ်တပ်ခေါင်းဆောင်ပိုင်းက ပါဝင်ပတ်သက်လိုမှုမရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။