နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားပြီး စင်္ကာပူနိုင်ငံကို ရောက်ရှိသွားခဲ့တဲ့ သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာရဲ့ နှုတ်ထွက်စာကို သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌ အဘေး-ဝါဒေးနာ က ဇူလိုင် ၁၅ ရက်မှာ လက်ခံခဲ့ပါတယ်။
သူဟာ ဒီနုတ်ထွက်စာနဲ့အတူ သမ္မတအသစ် ခန့်အပ်တဲ့ လုပ်ငန်းစဉ်တွေ စတင်တော့မှာ ဖြစ်ကြောင်း နဲ့ ဒီမိုကရက်တစ် လမ်းကြောင်းအတိုင်း လည်ပတ်ခွင့်ပြုဖို့ သီရိလင်္ကာ နိုင်ငံသားတွေ ကို တောင်းဆိုခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သမ္မတသစ်ရွေးချယ်ရေး လုပ်ငန်းစဉ်ကို ခုနစ်ရက်အတွင်း အပြီးသတ်ဖို့ မျှော်လင့်ကြောင်း အဘေး-ဝါဒေးနာ က ပြောကြားခဲ့ပြီး ပါလီမန်ကို ဇူလိုင် ၁၆ ရက်မှာ ပြန်လည်ကျင်းပမှာဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
သီတင်းပတ်ကုန် အစည်းအဝေးအတွက် အစီအစဉ်ကို ဇူလိုင် ၁၅ ရက် နှောင်းပိုင်းမှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
ရာဂျာပက်ဆာဟာ သူ့ဇနီးနဲ့ လုံခြုံရေးအစောင့် နှစ်ဦး လိုက်ပါလျက် စစ်ဂျက်လေယာဉ်နဲ့ ဇူလိုင်လ ၁၃ ရက် အစောပိုင်းက မော်လ်ဒိုက်ဗ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး ဇူလိုင် ၁၄ ရက်မှာ စင်ကာပူကို ဆင်းသက်ခဲ့တာပါ။
သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကို ဆန့်ကျင်ကန့်ကွက်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှု တွေဟာ လနဲ့ချီနေပါပြီ။
ထိန်းမနိုင်သိမ်းမရ ငွေကြေးဖောင်းပွမှု၊ အခြေခံကုန်ပစ္စည်း ပြတ်လပ်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေ အတွက် ရာဂျာပက်ဆာ မိသားစုတွေနဲ့ အပေါင်းပါတွေကို ဝေဖန်ပြစ်တင်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ ကိုလံဘိုရှိ အစိုးရအဆောက်အအုံတွေကို သိန်းနဲ့ချီတဲ့ပြည်သူတွေက သိမ်းပိုက်ခဲ့ပါတယ်။