လှည်းကူးမြို့နယ် ကျောက်ကုတင်ကျေးရွာမှာ မတ် ၁၀ ရက် ည ၇ နာရီခွဲက နေအိမ်တအိမ် ဓား ပြတိုက်ခံရပြီး ငွေသိန်း ၁၀၀ ကျော်နဲ့ အိမ်စီးကားတစီး ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ကုတင်ကျေးရွာနေ ဆောက်လုပ်ရေး နဲ့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ ဦးကိုကိုရဲ့ နေအိမ်ကို အမည်မသိအမျိုးသား ၇ ယောက်က လက်နက်ကိုင်ဆောင်ကာ ဝင်လာပြီး ဓားပြတိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ဓားပြတိုက်ခံရတဲ့အိမ်က လူဝင်လူထွက်များတယ်။ ညက ဓားပြတိုက်တော့လည်း လူအများကြီး လာတိုက်တာလို့ ကြားတယ်။ ဘယ်သူမှ မမေးရဲဘူး ခေါ်အစစ်ခံရမှာစိုးလို့။ ဒါပေမဲ့ ပွဲစားအချင်းချင်းဆိုတော့ သတင်းကညကတည်းက ပြန့်နေတာ ငွေကတော့ သိန်းရာချီနဲ့ မာစီဒီးတစီးပါသွားတယ်”လို့ ပြောနေကြတယ်။"
ဓားပြတိုက်သူတွေဟာ အိမ်ရှင်နဲ့မိသားစုတွေကို ဧည့်ခန်းမှာ ချုပ်နှောင်ထားပြီး ငွေသိန်း ၁၀၀ ကျော်နဲ့မာစီဒီးကားတစီးယူသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
"လူကို ဘာမှမလုပ်သွားတာပဲ ကံကောင်းတယ်လို့ ပြန်ဖြေရမှာပေါ့။ ဓားပြတိုက်ခံရတာ လမ်းထဲ က လူတွေတောင်မသိဘူး။ စစ်သားတွေ ရဲတွေလာမှ သိတာ။"
လက်တလောအခြေအနေထိ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ လှည်းကူးတာဆုံ၊ ဖောင်ကြီးလမ်းဆုံနဲ့ ဇရပ်ကွင်းလမ်းဆုံမှာ ပြစ်မှုကျူးလွန်သူတွေ ယူသွားတဲ့ မာစီဒီးကားကို စစ်ဆေးရှာဖွေပေမဲ့ ဖမ်းဆီးရမိခြင်း မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း လှည်းကူးမြို့နယ် ငြိမ်းချမ်းရေးရပ်ကွက်က မှုခင်း သတင်းထောက် တယောက်ရဲ့ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေငွေလက်ဝတ်လက်စား သိန်း ၃၀၀ ဖိုးလောက် ပါသွားခဲ့တဲ့ ဖြစ်စဥ်ကိုလည်း ဖမ်းဆီးရမိတာမရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ ၄ လမ်းမှာ ဖေဖော်ဝါရီ ၂၂ ရက် မနေ့ညက နေအိမ်တအိမ်မှာ အသက်သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၄ ယောက်နဲ့ ဧည့်သည် တယောက် စုစုပေါင်း လူ ၅ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီကလောက်မှာ မေဃဝတီ ၄ လမ်းရှိ နေအိမ်တအိမ်ကို အမည်မသိ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"သေနတ်သံတွေက ဆက်တိုက်ပဲကြားရတာ။ ဘယ်သူမှထွက်မကြည့်ရဲဘူး။ သေနတ်သံတွေ တိတ်သွားတော့ ပုဇွန်ခြောက်ရောင်းတဲ့အိမ်ကို ဝင်ပစ်သွားတာတဲ့။ မိသားစုဝင်က လေးဦးသေတယ်။ ဧည့်သည်အဘိုးကြီးလည်း သေသွားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာပြီး လမ်းသူလမ်းသားတွေကို မေးမြန်းခဲ့ပေမဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ သိသူမရှိဘူးလို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
"စစ်တပ်ကရောက်လာတယ်။ ထုံးစံအတိုင်း ဟိုလူမေး ဒီလူ့မေးနဲ့ လိုက်မေးတယ်။ ဘယ်သူမှမသိဘူး ပစ်တာတော့ကြားတယ် ဘယ်လို့ လာပစ်သွားတယ်ဆိုတာကို မသိတာ။”
ပစ်ခတ်ခံရလို့ သေဆုံးသူတွေကတော့ ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ သုံးနှစ်ကလေးငယ်နဲ့ ဧည့်သည့်အမျိုးသားတယောက်တို့ဖြစ်ကြတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ရာ ရိပ်သာရပ်ကွက်နဲ့ လှည်းကူးစျေး၊ လှည်းကူးတာဆုံတို့မှာ လမ်းသွားလမ်းလာ၊ ဆိုင်ကယ်နဲ့ အိမ်စီးကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်က မြို့နယ်တချို့မှာ ပစ်ခတ်မှုနဲ့ဗု ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေ ရှိပါတယ်။