ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၇ စည်တော်ကြီး လက်ဖက်စက်ရုံဝန်းအတွင်း ယာဉ်မောင်းတဦး မတ်လ ၈ ရက် မနက်ပိုင်းမှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ စက်ရုံဝန်ထမ်းတွေဆီက သိရပါတယ်။
ဆွဲကြိုးချသေဆုံးသူမှာ ဦးမောင်မောင် အသက် (၄၅ နှစ်) ဖြစ်ပြီး စက်ရုံအတွင်းနေထိုင်ကာ ရုံးပိတ်ရက်တွေမှ နေအိမ်ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။
စက်ရုံဝင်းအတွင်းနေထိုင်သူတဦးက “ညက ပူလို့ဆိုပြီး အပြင်မှာထွက်အိပ်တာ။ သူက အရက်ဖြတ်ထားတာတော့ မကြာသေးဘူး။ အရက်ကြောင် ကြောင်တာလားတော့ မသိဘူး။ မနက်စောစောပိုင်းကမှ အခုလိုပုံစံနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ” လို့ ပြောပါတယ်။
ဆွဲကြိုးချသေဆုံးသူ ဦးမောင်မောင်ဟာ စည်တော်ကြီး လက်ဖက်စက်ရုံမှာ ယာဉ်မောင်းလုပ်ကိုင်နေတာ ၁၀ နှစ်ဝန်းကျင်ခန့်ရှိပြီး မြေပြင်နဲ့ ၃ ပေခန့်အမြင့်ရှိ သံရေပိုက်ကို ရေပုံးကြိုးနဲ့ မှောက်လျက်အနေအထားနဲ့ ဆွဲကြိုးချသေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးရုပ်အလောင်းကို ကရုဏာတွဲလက် ရှင်ရေးနာရေးကူညီမှုအသင်းက လှိုင်သာယာမြို့နယ် ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးမှုကို နယ်မြေခံရဲစခန်းက သေမှုသေခင်း ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းက ရှမ်းပြည်နယ် အောင်ပန်းမြို့မှာလည်း အသက် (၂၃ နှစ်) ခန့် အမျိုးသား လူငယ်တဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ၃ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနဲ့ နတ်သျှင်နောင် လမ်းထောင့်မှာ မေ ၁ ရက် ည ၈ နာရီကျော်က ရက်ကွက်ပဋ္ဌာန်းပွဲအတွက် ကားလမ်းရှင်းပေး နေတဲ့ ရာအိမ်မှူး ဦးသက်ပိုင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ပေးချက်အရ ဗိုလ်ချုပ်လမ်းမှာ ပြုလုပ်တဲ့ ပဋ္ဌာန်းပွဲမှာ ကားလမ်းရှင်းပေးနေစဥ် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူက ပစ်ခတ်သွားတာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
“သူရယ်၊ ရာအိမ်မှူး နောက်တယောက်ရယ်၊ တရားပွဲမှာ လမ်းရှင်းပေးနေတာ။ သေးသွား ပေါက်တဲ့အချိန် ပစ်သွားတာ ပွဲချင်းပြီးပဲ။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေ ရောက်လာပြီး သေဆုံးသူ ရာအိမ်မှူးကို လှိုင်သာယာဆေးရုံပို့ပြီး ဗိုလ်ချုပ်လမ်းကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ကြိုးတံတား တိုးဂိတ်မှာ စစ်တယ်။ ဗိုလ်ချုပ်လမ်းက ပိတ်ပြီးစစ်တာ။ ဆိုင်ကယ်တွေကို အများဆုံးစစ်တာ။ ပီမိုးနင်းလမ်းဘက်မှာလည်း စစ်တယ်။”
ဧပြီ ၁၃ ရက် ညက လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မန္တလေးလမ်းမပေါ်ရှိ အမှတ် ၂ အထက်တန်းကျောင်းရှေ့ ဗုံးပေါက်ကွဲမှုမှာ အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနဲ့ တပ်သား တဦး၊ ရာအိမ်မှူးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အလားတူ ရန်ကုန်က မြို့နယ်တချို့မှာ ဧပြီလအတွင်း ပစ်ခတ်မှုတွေကြောင့် ဒုဗိုလ်မှူးကြီး(ငြိမ်း) တဦး၊ ဒုညွှန်ကြားရေးမှူးချုပ် တဦးနဲ့ ဗိုလ်မှူး(ငြိမ်း)တဦး သေဆုံးခဲ့ပါတယ်။