close

လှိုင်

close

September 5, 2022

လှိုင်မြို့နယ်နှင့် ရွှေပြည်သာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တို့မှာ  စက်တင်ဘာ ၄ ရက်ည ၈ နာရီဝန်းကျင်က  ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

လှိုင်မြို့နယ် ၁၂ ရပ်ကွက် အင်းစိန်လမ်းနဲ့  ပါရမီလမ်းထောင့်ရှိ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှာ မနေ့ည ၈ နာရီက  ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ပါတယ်။

မြို့ခံတယောက်က "ဗုံးနှစ်ကြိမ်ပေါက်တာ မိနစ်ပိုင်းပဲ ကြာတယ်။  ဗုံးပေါက်ပြီးတော့ မီးတွေပျက်သွားတယ်။ လှိုင်ရော မရမ်းကုန်းရော” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထရမ်စဖော်မာနှစ်လုံး ပျက်စီးခဲ့ကာ လှိုင်နဲ့ မရမ်းကုန်းမြို့နယ်မှာ လျှပ်စစ်မီး ယာယီပြတ်တောက်သွားခဲ့ပါတယ်။

လှိုင်မြို့နယ်မှာနေထိုင်သူတဦးက "ထိတဲ့လူ ရှိမရှိတော့ မသိဘူး။ မီးကလည်းပျက်နေတာဆိုတော့  "လို့ ပြောပါတယ်။

အလားတူ ရွှေပြည်သာမြို့နယ် ၈ ရပ်ကွက် ဘုရင့်နောင်လမ်းနဲ့ အိမ်တော်ရာ ၁ လမ်းထောင့်ရှိ အုပ်ချုပ်ရေးမှူးဟောင်းပိုင်တဲ့ ဘီယာဆိုင်မှာလည်း မနေ့ည ၈ နာရီလောက်က  ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ရွှေပြည်သာမြို့ခံတစ်ဦးက "ဦးသိန်းစိန်လက်ထက် အုပ်ကြီးဆိုင်ရှေ့မှာ ပေါက်တာ။ သေမသေတော့ မသိဘူး။ ကားအောက်ကနေပေါက်တာ။ အုံးဆိုတဲ့ အသံအကျယ်ကြီးပဲ။ စစ်သားတွေ ရောက်လာလို့ ဘယ်သူမှသွားမကြည့်ရဲဘူး "လို့ ရှင်းပြပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် လှိုင်မြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးတဲ့အပြင် ဖုန်းတွေကိုပါယူပြီး စစ်ဆေးတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ သြဂုတ်လအတွင်းက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးပိုင်းကသူတွေအပါအဝင် ၂၃ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

6 mins Ago
Up