close

လှုပ်ရှားမှု

close

December 5, 2022

သေဒဏ်ချခံရသည့် ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း လှုပ်ရှားမှုစတင်


ကျောင်းသား ၇ ယောက်အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ကျောင်းသား ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ လှုပ်ရှားမှုကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက စတင်နေရာမှာ လူမှုကွန်ရက်ပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လှုပ်ရှားလာနေကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို ခြွင်းချက်မရှိဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်းပြသတဲ့အနေနဲ့ “Stop Executing Our Students၊ Stop Executing Our Friends၊ Dagon University Students၊ Failed Law၊ Myanmar Under Death Penalty၊ We Are Under Death Penalty” အစရှိတဲ့ စာသားတွေနဲ့ Profile Photo လှုပ်ရှားမှု၊ လက်ဖဝါးမှာ စာရေးဓာတ်ပုံရိုက်တင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က “ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး အပါအဝင် ဒီမိုကရေစီအရေးအတွက်လှုပ်ရှားရင်း သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ရင်း စစ်ကောင်စီရဲ့ အဓမ္မ သေဒဏ်ချမှတ်နေမှု၊ စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
ကျောင်းသားပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုရဲ့လုပ်ရပ်ကို ခြွင်းချက်မရှိဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်းကို Profile photo ကို ချိန်းပြီး ပြသကြဖို့တိုက်တွန်းပါတယ်။
ဒီဖြစ်ရပ်တွေရဲ့ အဓိကတရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့အတွက် တော်လှန်ရေးကို အရှိန်မြှင့်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုစစ်ကောင်စီက ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေချမှတ်နေတဲ့အပြင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်တွေလည်း ချမှတ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝ ရက်က ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင် တို့ကို သေဒဏ်ချမှတ်ခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၃၀ ကျော် ရှိနေပြီး ဒီအထဲမှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

6 mins Ago

June 19, 2020

“ချစ်ခင်ကြင်နာ၊ အွန်လိုင်းကမ္ဘာ” အွန်လိုင်းဘေးကင်းလုံခြုံမှုဆိုင်ရာ လှုပ်ရှားမှု စတင်

လူငယ်တွေအနေနဲ့ အင်တာနက်ကို စိတ်ချလုံခြုံစွာနဲ့ အကျိုးရှိစွာ အသုံးပြုတတ်စေဖို့ ရည်ရွယ်ဆောင်ရွက်တဲ့ “ချစ်ခင်ကြင်နာ၊ အွန်လိုင်းကမ္ဘာ” အွန်လိုင်းဘေးကင်းလုံခြုံမှုဆိုင်ရာ လှုပ်ရှားမှုကို ဇွန် ၁၈ ရက်နေ့က စတင်လိုက်တယ်လို့ တယ်လီနောမြန်မာက ပြောပါတယ်။ ဒီလှုပ်ရှားမှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကလေးသူငယ်တွေနဲ့ လူငယ်တွေအကြား အကြမ်းဖက်ခြင်းနဲ့ ဘေးအန္တရာယ်တွေ မြှင့်တက်လာချိန်မှာ အပြုသဘောဆောင်တဲ့ အွန်လိုင်းအမူအကျင့်တွေကို အားပေးခြင်းဖြင့် လူငယ်တွေရဲ့ အသံကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်မှာ အနိုင်ကျင့်ခြင်း၊ အမုန်းစကားများဖြန့်ဝေခြင်း၊ လိမ်လည်ရင်းနှီးမှုရယူခြင်း၊ ညစ်ညမ်းပုံနှင့် စာများပေးပို့ခြင်း၊ သတင်းအတုများ စတဲ့ ပြဿနာတွေကို နားလည်သဘောပေါက်လာစေဖို့နဲ့ ဒစ်ဂျစ်တယ်နည်းပညာမှာ ကျွမ်းကျင်လာစေဖို့ ပံ့ပိုးလုပ်ဆောင်မယ်လို့လည်း သိရပါတယ်။ တယ်လီနောမြန်မာရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Jon Omund Revhaug က “ကလေးငယ်တွေနဲ့ လူငယ်တွေ၊ အထူးသဖြင့် မိန်းကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် တစ်ခုဖြစ်လာဖို့ဆိုတာ တယ်လီနောရဲ့ လူမှုအကျိုးပြု ဦးတည်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းနဲ့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးဟာ လူတိုင်းအတွက်ဖြစ်သင့်တယ်လို့ ကျနော်တိုအားလုံး ယုံကြည်ပါတယ်။ အင်တာနက်ကို စိတ်ချလုံခြုံစွာနဲ့ အကျိုးရှိစွာ အသုံးပြုတတ်ဖို့က အရေးကြီးတဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် အခုပြုလုပ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကျင်လည်မှု သင်တန်းကမှတစ်ဆင့် အွန်လိုင်းပေါ်မှာ လိုက်နာသင့်တဲ့ အပြုအမူတွေ၊ မသင့်တော်တဲ့ အကြောင်းအရာအတွေနဲ့ တရားမဝင်တဲ့ အကြောင်းတွေကို စနစ်တကျ တိုင်ကြားနည်းတွေအပြင် လူငယ်တွေကို လုံခြုံစိတ်ချမှုရှိရှိ အဆက်အသွယ်လုပ်နိုင်မယ့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ဒီလှုပ်ရှားမှုကို တိုင်းဒေသကြီး ၈ ခုမှ အလယ်တန်းနဲ့ အထက်တန်းအဆင့်ရှိ အခြေခံ ကျောင်းသား/ကျောင်းသူ ၇ သိန်းနဲ့ လူမှုမီဒီယာကနေတဆင့် လူငယ်အများအပြားဆီ ပျံ့နှံ့ရောက်ရှိအောင် ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ ထိန်ထိန်လင်း
2 years Ago
Up