close

လှုံ့ဆော်

close

April 28, 2023

အကယ်ဒမီပွဲမတက်လျှင် ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်နေ

စစ်ကောင်စီလက်ထက်မှာ ၃ နှစ်စာပေါင်းပြီး ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို အနုပညာရှင်တွေအားလုံး မဖြစ်မနေတက်ရောက်ဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။

အကယ်ဒမီပွဲတက်ဖို့ ဖိအားပေး စည်းရုံးတာတွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို ပွဲမတက်ရင် ပြန်ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ လှုံ့ဆော် ရေးသားနေပါတယ်။

အခုလိုမျိုး အနုပညာရှင်တွေကို အတင်းအကျပ် ဖိအားပေးတာ၊ အကယ်ဒမီပွဲ မတက်ရုံနဲ့ ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေဟာ အနုပညာရှင်တွေကို အကြောက်တရား ရိုက်သွင်းတာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက “အနုပညာရှင်တွေ ဆိုတာကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေဘက်ကနေ နာကျင်ကြေကွဲမှုကိုပြတဲ့ အမည်းရောင်ပရိုဖိုင်တွေ ချိန်းတဲ့အခါမှာလည်း ဖမ်းဆီးတယ်။ ဖမ်းဆီးဖို့လည်း လှုံ့ဆော်ကြတယ်။ ပြည်သူတွေကိုလည်း သူတို့ မရတော့တဲ့နောက်ဆုံး အကြောက်တရားနဲ့ ဖိနှိပ်ကြတယ်။ ဒီအကယ်ဒမီပေးပွဲမှာလည်း ဒီလိုပါပဲ။ အနုပညာရှင်တွေကို လာရင်လာ၊ မလာရင် ဖမ်းဆီးမယ်။ ဒီထဲမှ ခံဝန်ထိုးထားတဲ့သူတွေကိုလည်း ခံဝန်ထိုးထားတာ ဖြစ်တဲ့အတွက် လာရင်လာ၊ မလာရင် ခံဝန်ထိုးထားတယ်ဆိုတဲ့ပုံစံနဲ့ ဖမ်းဆီးမယ်ဆိုတော့ အကြောက်တရားကို ရိုက်သွင်းတာပါပဲ။ ဒီလိုမျိုး အကြောက်တရား ခြိမ်းခြောက်မှုတွေနဲ့ တဖက်က ခြိမ်းခြောက်သလို ဒီလိုမျိုး အကြောက်တရားဝင်အောင်လည်း စစ်ကောင်စီ လက်အောက်ခံ တယ်လီဂရမ်ချန်နယ် အမျိုးမျိုးကနေ လှုံ့ဆော်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီလုပ်မယ့် အကယ်ဒမီပွဲကို ပြည်သူတွေ ကြည့်ရှုအားပေးတာမလုပ်ဘဲ သပိတ်မှောက်ဖို့ နှိုးဆော်ထားပြီး စစ်ကောင်စီဝါဒဖြန့် တီဗွီရုပ်သံလိုင်းတွေကို မကြည့်ကြဖို့၊ စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်တွေကို လူမှုရေးပြစ်ဒဏ် ထိထိရောက်ရောက်ပေးဖို့ တောင်းဆိုထားပါတယ်။

တော်လှန်ရေးနယ်မြေမှာ ရောက်ရှိနေတဲ့ ဒါရိုက်တာ သွန်းနေစိုးကတော့ စစ်ကောင်စီက အကယ်ဒမီပေးပွဲကို ဗန်းပြပြီး ပြည်သူလူထုအလယ်မှာ လူရာဝင်ချင်တာကြောင့် မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ ပြောပါတယ်။

“မင်းအောင်လှိုင်က သူက ပြည်သူတွေထဲက နာမည်ကျော်တွေဖြစ်တဲ့ ရုပ်ရှင်လောကသားတွေကတဆင့် ချဉ်းကပ်တာ။ တမင်တကာ ဟန်ပြ လုပ်ဆောင်တာမျိုးပေါ့။ အကယ်ဒမီပေးပွဲကို ဗန်းပြပြီးတော့ မရိုးသားတဲ့ ရည်ရွယ်ချက်ကြီးကို အောင်မြင်အောင် လုပ်ဆောင်တယ် ကြားရတယ်။ အကယ်ဒမီပေးပွဲဆိုတာ ကျနော်တို့ အစဉ်အဆက်က မြန်မာ့ရုပ်ရှင် အနုပညာကို မြှင့်တင်တဲ့ ပွဲတပွဲသာ ဖြစ်ခဲ့တယ်။ ဘယ်ခေတ်မှ မကြုံဖူးပါဘူး။ ဒီပွဲမတက်လို့ အန္တရာယ်ပေးမယ်ဆိုတာ ဘယ်ခေတ်မှ မကြုံဖူးဘူး။ ကျနော်က ပြည်တွင်းကလူတွေကို ဒီဟာမျိုးကို စာနာနားလည်ပါတယ်။ တချို့ကလည်း ကြောက်တတ်တယ်။ ကျနော်တို့လိုမျိုး စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ရဲတာမျိုး ရှိချင်မှရှိမယ်။ အခြေအနေ အကြောင်းကြောင့် တက်ရတာမျိုး ရှိကောင်းရှိမယ်။ အဲဒါမျိုးကို အပြစ်မမြင်ဘူး။ ကျနော်အပြစ်မြင်တာက အဓိကပြောချင်တာက စစ်ကောင်စီအတွက် ကိုယ့်အနုပညာကို အသုံးချပေးတာမျိုး မလုပ်ဘူးဆိုရင် ကျနော်တို့က အရမ်းကြီး အပြစ်မမြင်ပါဘူး။ စစ်ကောင်စီအတွက် အသုံးချပေးတာမျိုးတော့ ရုပ်ပျက်တယ်ပေါ့လေ။ သီချင်းရေးပေးတယ်၊ သီချင်းတွေဆိုပေးတယ်၊ စစ်ကောင်စီအတွက် ပေါ်လစီကားတွေ ရိုက်ပေးတယ်။ အဲဒါဆိုရင် ဒါက အကြမ်းဖက်သမားနဲ့ တတန်းတည်းပဲ။ အကြမ်းဖက်သမားပါပဲ။ အဲ့လိုမျိုး မြင်ပါတယ်။”

မေလ ၆ ရက်မှာလုပ်မယ့် အကယ်ဒမီပေးပွဲကို မဖြစ်မနေတက်ဖို့ ဖိတ်ကြားထားတဲ့ အကယ်ဒမီ ရရှိပြီးသား အနုပညာရှင် ၁၁၂ ယောက်စာရင်း ထုတ်ပြန်ထားပြီး အဲဒီစာရင်းမှာ စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်တွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်တွေက အကယ်ဒမီပွဲ တက်ရောက်ဖို့ အားတက်သရော ပြင်ဆင်နေကြပြီး တဖက်မှာလည်း ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို စစ်ကောင်စီဘက်က အကယ်ဒမီပွဲတက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး လုပ်ဆောင်နေပါတယ်။

9 hours Ago

November 1, 2020

ပြင်သစ်အား ပိုမိုတိုက်ခိုက်ရန် လှုံ့ဆော်ခဲ့သည့် မော်ရိုကိုနိုင်ငံသားကို ဖမ်းဆီး

ပြင်သစ်မြို့တော် ပါရီရဲ့အပြင်ဘက်မှာ ကျောင်းဆရာ တယောက် ခေါင်းဖြတ်အသတ်ခံရတာကို ချီးကျူးပြီး နောက်ထပ် ပိုတိုက်ခိုက်ဖို့ လှုံ့ဆော်ပေးနေတဲ့ မော်ရိုကို နိုင်ငံသား အမျိုးသားတယောက်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ဖမ်းလိုက်တယ်လို့ စပိန်ရဲတွေက အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။ လှုံ့ဆော်သူရဲ့ နာမည်ကိုတော့ မပြောပါဘူး။ သူဟာ အောက်တိုဘာ ၁၆ ရက်က လူသတ်မှုကို အားပေးထောက်ခံကြောင်း လူမှုကွန်ယက် မီဒီယာပေါ်မှာ စာတိုရေးတင်ခဲ့သူလို့ ကာတာလန် ဒေသန္တရ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ကို အကြမ်းဖက် ရာဇဝတ်မှု ကျူးလွန်ဖို့ အားပေးလှုံ့ဆော်မှု၊ အကြမ်းဖက်ဝါဒကို ဂုဏ်တင်ချီးမွမ်းမှု စွဲချက်တွေနဲ့ ဖမ်းထားတယ်လို့ ကာတာလန် ရဲတွေက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ကြေညာပါတယ်။ အဖမ်းခံရသူကို နိုင်ငံကူးလက်မှတ် စွန့်လွှတ်ခိုင်းပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် ၁၄ ရက်နေ့တိုင်း ရာဇဝတ်မှုဆိုင်ရာ တရားရုံးကို လာရောက်သတင်းပို့ဖို့ ဘာစီလိုနာ တရားရုံးက အောက်တိုဘာ ၃၁ ရက်နေ့မှာ အမိန့်ချမှတ်ထားပါတယ်။  ပြင်သစ်ကျောင်းဆရာဟာ အတန်းတွင်းက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် သင်ခန်းစာ အတွင်း တမန်တော် မိုဟာမဒ် ရဲ့ ကာတွန်းပုံကို ပြခဲ့လို့ အသက် ၁၈ နှစ်အရွယ် ချေချင်း တိုင်းရင်းသားတယောက်ရဲ့ လည်လှီးသတ်တာကို ခံခဲ့ရပါတယ်။
2 years Ago
Up