မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်ကူးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀ ကျော် အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို မတ်လ ၂၇ ရက် တနင်္လာနေ့မှာ ရောက်ရှိလာခဲ့ကြတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံက ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ထွက်ပြေးလာခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အာချေးဒေသ အရှေ့ပိုင်းကို ရောက်လာခဲ့တဲ့စက်လှေတွေပေါ်မှာ ရိုဟင်ဂျာ ၁၇၅ ဦးကို တွေ့ရှိခဲ့ရပြီး နောက်ထပ် ၁၃ ယောက်ကိုတော့ ရှာမတွေ့သေးဘူးလို့ ဒေသခံ ရဲအရာရှိ ယူစွတ် ဟာ့စ်ရီယာဒီ က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“မနက် ၃ နာရီလောက်တည်းက သတင်းရလို့ အဲဒီကဒေသခံတွေရဲ့ အကူအညီနဲ့ပဲ ဒုက္ခသည် တော်တော်များများကိုကယ်ဆယ်ခဲ့ပြီးပါပြီ။ အနည်းဆုံး ၁၇၅ ယောက်လောက်တော့ရှိမယ်။ နောက်ထပ် ၁၃ ယောက်ကိုလဲ ရှာမတွေ့သေးဘူး။”
ဒုက္ခသည်တွေဟာ စုစုပေါင်းစက်လှေ ဘယ်နှစ်စီးနဲ့ ထွက်ခွာလာခဲ့ကြတယ်ဆိုတာကိုလည်း မသိနိုင်သေးဘူးလို့ ပြောပါတယ်။
“ဘာကြောင့်သူတို့က ကွဲထွက်နေတာလဲ ဆိုတာ မသိနိုင်သေးဘူး။ ကျနော်တို့နဲ့ မတွေ့အောင် ရှောင်ချင်တာလားဆိုတာလည်း မသိသေးဘူး။ စစ်တပ်ရဲ့ အကူအညီနဲ့ ကျနော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။” လို့ ယူစွတ် ဟာ့စ်ရီယာဒီက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့ကို ဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်အကျဆုံးဖြစ်တဲ့ အာချေးဒေသကိုရောက်ရှိလာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၉၁၈ ဦးရှိတယ်လို့ သိရပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးမှာ ရောက်ရှိလာခဲ့တဲ့ ၁၈၀ ထက် အဆများစွာပိုတဲ့ ပမာဏဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ဖြိုခွင်းပြီး လူမျိုးတုံးရှင်းလင်းမှုစစ်ဆင်ရေး ကျူးလွန်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေ အပါအဝင် ရိုဟင်ဂျာ ၁ သန်း နီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြွတ်သိပ်ကြပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲစွာနေထိုင်နေကြရကြောင်း ရိုက်တာ သတင်းမှာဖော်ပြပြောပါတယ်။
Ref- Reuters
Photo- Antara Foto. Antara Foto/Hayaturrahmah/via REUTERS
အခုသီတင်းပတ်အစောပိုင်းက လက်ဘနွန်နိုင်ငံကနေ ရွက်လွှင့်လာပြီးနောက် ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ရွှေ့ပြောင်းလှေတစ်စီးပေါ်မှာ လိုက်ပါလာသူ အနည်းဆုံး ၆၁ ဦးရဲ့ ရုပ်အလောင်းတွေကို ဆီးရီးယားအာဏာပိုင်တွေကရှာတွေ့ခဲ့ကြောင်း လက်ဘနွန် သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဆိပ်ကမ်းမြို့ တားတုစ်ရဲ့ ကမ်းရိုးတန်းတလျှောက် စေတနာ့ဝန်ထမ်းတွေက စက်တင်ဘာလ ၂၂ ရက်မှာ ရှာဖွေရေးတွေ ဆက်လုပ်ခဲ့တာကြောင့် အာဏာပိုင်တွေအရင်တွေ့ရှိခဲ့တဲ့ ရုပ်အလောင်း ၃၄ လောင်းကနေ ထပ်တိုးလာတာပါ။
အသက်ရှင်ကျန်ရစ်သူ ၁၄ ယောက်ကနေ အယောက် ၂၀ ထိ ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သူတို့ကို ဆီးရီးယားဆေးရုံတွေမှာ ကုသပေးနေတယ်လို့ ဝန်ကြီး အလီဟာမီယီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အင်္ဂါနေ့က လက်ဘနွန်မြောက်ပိုင်း မင်န်ယဲရ် ဒေသကနေ ထွက်ခွာလာတဲ့ လှေမှာ လူပေါင်း ၁၂၀ မှ ၁၅၀ ကြားလိုက်ပါခဲ့ပြီး ဥရောပကို ထွက်ခွာခဲ့ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အသက်ရှင်ကျန်ရစ်သူတွေကို ကိုးကားပြီး ပြောပါတယ်။
လက်ဘနွန်ကနေ ပင်လယ်ရေကြောင်းနဲ့ ထွက်ခွာသူတွေနဲ့ ထွက်ခွာဖို့ကြိုးစားသူ အရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်မှာ ၂ ဆနီးပါး တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီထံကနေ သိရပါတယ်။