စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး မဟာမိတ်အဖွဲ့က ရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း သေဆုံးသူတွေအပြင် ဒဏ်ရာရသူတွေလည်းရှိပြီး စစ်ကောင်စီတပ်က ၅ ဦးထက်မနည်း ထိခိုတ်ဒဏ်ရာရကာ PAFD တပ်ခွဲ ဗိုလ်လှိုင်ဘွား ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့က ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မဟာမိတ်တပ်ဘက်က ရဲဘော် ၂ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PAFD ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးက “ကျနော်တို့က မြို့ကို စီးထားနိုင်တဲ့ အခြေအနေမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ရွာစဉ်တန်းတွေကို မီးရှို့တယ်။ ကျနော်တို့ တပ်စိပ်တွေကလည်း မီးကူငြှိမ်းဖို့ ရွာထဲအဝင်မှာ ကင်းပုန်းနဲ့တွေ့ပြီး အပြန်အလှန်ပစ်ရင်းနဲ့ ရဲဘော်တွေကျတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ကျည်ဆန်မလုံလောက်မှုဖြစ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီလှူဒါန်းစေလိုတယ်လို့ ဆက်ပြောပါတယ်။
မဟာမိတ်တွေအနေနဲ့ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနကို ဝင်ရောက်စီးနင်းခဲ့စဉ် ရုံးသုံး လက်ပ်တော့ပ်ကွန်ပျူတာ ၂ လုံး သိမ်းဆည်းရရှိခဲ့ပြီး လက်ပ်တော့ပ်အတွင်းက တွေ့ရှိတဲ့ အချက်အလက်တွေကို စနစ်တကျစီစဉ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေထံ အပ်နှံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးကို PAFD နဲ့ PAFD တပ်ခွဲမှူး ဗိုလ်လှိုင်ဘွား၊ တပ်စိပ်-၁ ပျံလွှားအဖွဲ့၊ တပ်စိပ်-၂ ခွပ်ဒေါင်းအဖွဲ့၊ တပ်စိပ်-၃ ဇာမဏီအဖွဲ့၊ တပ်စိပ်-၄ ငရဲမီးအဖွဲ့နဲ့ PAFD တပ်ခွဲ DKPDF-MMU စတဲ့ မဟာမိတ်တွေ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ရေးအခြေအနေအရ ဧရာဝတီမြစ်ကြောင်းအတွင်း ည ၆ နာရီမှ မနက် ၆ နာရီအထိ ရေယာဉ်တွေ ဖြတ်သန်းသွားလာတာ မပြုကြဖို့ ဒေသကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၂၉ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ငါးပတ်ချောင်းရွာ၊ ကူကြီးရွာ၊ သစ်ဆိပ်ရွာ၊ ရွာသစ်ရွာ၊ လှေပို့ဆိပ်ရွာ၊ ရေဂမိုးရွာ၊ ရှားကွဲရွာနဲ့ ထုံးဘိုရွာတို့ အနီးမှာ သတ်မှတ်ထားချိန်အတွင်း ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “အခြေနေအရ အကန့်သတ်မရှိ ယာယီပိတ်ထားရတဲ့ သဘောပါ။ ဒါကလည်း ပြည်သူကို အန္တရာယ်မရှိအောင် ထုတ်ပြန်ရတာပါ။ အန္တရာယ်ကင်းရှင်းနိုင်မယ့် အခြေအနေရောက်ရင်တော့ ကန့်သတ်တာကို ပြန်ရုပ်သိမ်းပြီး သွားလာနိုင်ဖို့ ပြန်လည်ထုတ်ပြန်ပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
အထူးသဖြင့် တံငါလှေတွေ၊ ပိုက်မျောလှေတွေနဲ့ ကျွန်းပေါ် တောင်သူလုပ်ငန်း လုပ်ကိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာပေးကြဖို့ကိုလည်း သတိပေးထားတာ တွေ့ရပါတယ်။
ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်ကလည်း ဧရာဝတီမြစ်ကြောင်းအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စက်လှေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ရေမြှုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။