မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက် တပေါက်ဖြစ်တဲ့ လွယ်အင် - မန်မန်း ကုန်သွယ်ရာ လမ်းကြောင်းမှာ မြန်မာဘက်ခြမ်း မူဆယ် ကျင်စန်းကျော့ကနေ တရုတ်ဘက် ဝမ်တိန်ထဲ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစ မြန်မာယာဉ်မောင်း နဲ့ ယာဉ်အကူတွေ တိုက်ရိုက် ဝင်ရောက်ခွင့် ပြုပြီလို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှု အကောက်ခွန်ရှင်းလင်းရေး အဆင်ပြေချောမွေ့စေဖို့ ဖေဖော်ဝါရေ ၁၈ ရက်နေ့ကစ တရုတ်-မြန်မာ ကုန်စည်ပို့ဆောင်ရေး ယာဉ်တစီးလျှင် ၂ ဦး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ဝမ်တိန်၊ မန်မန်း လမ်းကြောင်းကနေ တိုက်ရိုက်ဝင်ခွင့်ပြုမှာ ဖြစ်ကြောင်း ရွှေလီမြို့ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးရုံးကို ပို့ထားတဲ့ အသိပေးအကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
မြန်မာဘက် ခရိုင်တာဝန်ရှိသူ တဦးကတော့ လက်ရှိမှာလည်း ဝင်နေတာတွေရှိပေမယ့် မြန်မာဘက်ခြမ်းက တရားဝင် မထုတ်ပြန်သေးဘူးလို့ ပြောပါတယ်။
ကုန်တင်ယာဉ်မောင်း တဦးကတော့ ပုံမှန်ပြန်ဖွင့်မယ်ဆိုရင်လည်း အပြောင်းအလဲသိပ်မရှိကြောင်း၊ ကားသမားကိုယ်တိုင် ကိုယ့်ကားကိုယ် မောင်းရတာကြောင့် ပိုကောင်းသွားတာရှိပေမယ့် တဖက်က စားရေးသောက်ရေး အခက်အခဲ ရှိနိုင်တယ်လို့ ပြောပါတယ်။
"ပုံမှန် ပြန်ဖွင့်မယ်ဆိုရင်တော့ ဂိတ်တွေလည်း အပြောင်းအလဲက သိပ်မရှိပါဘူး။ ဒီလမ်းကြောင်းနဲ့ ဒီလမ်းစရိတ်နဲ့ပဲ သွားနေတာ။ ဒါပေမယ့် ဒီရွှေလွယ်အင်မှာ ဝင်ပြီးတော့မှ အဲကွင်းကြေးတွေ ဘာတွေတော့ သက်သာသွားတာပေါ့။ အဲလိုတော့ ဖြစ်မယ်ထင်တာပဲ ကျနော်အမြင်က။ ဘာဖြစ်လို့လဲ ဆိုတော့ ခါတိုင်းက ရွှေလွယ်အင်ထဲ ဝင်၊ ဝင်ပြီးမှ သူ့ အချိန်အတိုင်းအတာလေး တချက်စောင့်ပြီးမှ ဝင်ရတာလေ။ အခုကျတော့ ဒါရိုက် ဝင်ရတာဆိုတော့ ကောင်းတာပေါ့။
“ကားဆရာတွေ ကိုယ်ကိုယ်တိုင် ဝင်ရမယ် ဆိုရင်တော့ ကိုယ့်ကားကိုယ်မောင်းရမယ်ဆိုရင် အဆင်တော့ ပြေပါတယ်။ ဒါပေမယ့် အထဲမှာ စားရေး သောက်ရေးတွေ ပြီးတော့ ခါတိုင်း အရင်နှစ်တွေလိုမျိုး ကိုယ်ချတဲ့ ဂိုဒေါင်တွေ ဘာတွေ အပြောင်းအလဲ ရှိရင် ရှိမှာပေါ့နော်။ ခါတိုင်းကျ ကိုယ်က သိတယ်လေ။ တရုတ်ဘက်မှာကျတော့ ဘယ်နား ကတ္တားတက်ရလဲ၊ ဘယ်နား ကုန်ချိန်းရလဲ ဆိုတာ။ သူတို့ မပြောင်းလဲ ရင်တော့ ခက်ခက်ခဲခဲတော့ ရှိမှာ မဟုတ်ပါဘူး။ ဂိတ်ဖွင့်ရင်။ အထဲမှာလည်း ဂိတ်တွေက သူ့ဟာလေးနဲ့ သူ လမ်းကြောင်းတော့ ရှိမှာပေါ့။ အမှန်တကယ်တော့ ကိုယ်ဝင်သွားရင် မသိတဲ့ ဟာတွေ ဘာတွေဆို အထဲမှာ ဂိတ်ရှိတယ်လေ။"
လတ်တလော ပို့ကုန်သွင်းကုန်တွေ အနေနဲ့တော့ တရုတ်ဘက်က ပိတ်လိပ်၊ ကြက်သွန်ဖြူ၊ အာလူး၊ သံပိုက်၊ ကုန်စုံ စတာတွေ တော်တော်များများတင်သွင်းနေတာတွေ့ရပြီး တင်ပို့ကုန် အနေနဲ့တော့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ နှမ်း၊ ပဲတီစိမ်း တို့ အဓိက တင်ပို့နေတယ်လို့ သူက ရှင်းပြပါတယ်။
"အထဲက ထွက်လာနိုင်တာက ပိတ်လိပ်တို့ ကြက်သွန်ဖြူ၊ အာလူး၊ သံပိုက် အဲကောင်တွေတော့ တော်တော်များများမြင်တယ်။ တော်တော်များများလည်း တင်ကြတယ်။ အဲဒါတွေပဲ။ ကုန်စုံ။ အဲဒါတွေတော့ တော်တော်များများ မြင်ကြတယ်။ ဒီဘက်ကနေ အဝင်ကတော့ ဆန်၊ ပြောင်း၊ ဆန်ကွဲ၊ ပြောင်း၊ နှမ်း၊ ပဲတီစိမ်း အဲဒါတွေ အဓိကပေါ့။"
လက်ရှိမှာတော့ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် လူအဝင်အတွက် မြန်မာဘက်က မူဆယ်အိမ်ထောင်စု ရှိသူတွေကိုသာ နယ်စပ်ဖြတ်ကျော်ခွင့် (Border Pass – BP) စာအုပ်အနီတွေ ထုတ်ပေးနေတာဖြစ်ပေမယ့် ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ အတွက်တော့ ဂျူတီစာရွက်တွေရှိရင် လုပ်ပေးတယ်လို့ ကြားသိရကြောင်း ကုန်သည်တဦးက ပြောပါတယ်။
"အခုက ဟိုယာဉ်မောင်းတွေက ဂျူတီစာရွက် သွားပြီးတော့ လုပ်ရတယ် ပြောတယ်။ ဂျူတီစာရွက် ကိုင်ပြီးတော့ပေါ့နော် အဝင်အထွက် စာအုပ် သူတို့ လုပ်ပေးတယ် ပြောတယ်။"
ယခင်က တရုတ်နယ်စပ်ထဲ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ပုံမှန် ဝင်ထွက်လို့ ရပေမယ့် ကိုဗစ်ကပ်ရောဂေါကြောင့် မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာ လမ်းကြောင်းကနေ တရုတ်ဘက်ထဲ ကုန်တင်ယာဉ်တွေ ဝင်/ထွက်ခွင့် နှစ်ချီ ပိတ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းမှ မြန်မာကုန်ကားတွေကို တရုတ်ဘက်ခြမ်း ဝမ်တိန်ဘက် ဝင်ခွင့် ပြုခဲ့ရာက အခု ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တရုတ်ဘက်က ပြန်လည်ဝင်ထွက်ခွင့်ပြုတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အရှေ့မြောက်တံခါးပေါက်ဖြစ်တဲ့ မူဆယ် နယ်စပ်ကနေ တရုတ်ဘက် ပို့ကုန်ဟာ မြန်မာ့နယ်စပ် ပို့ကုန်ရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ခန့်ရှိပြီး လက်ရှိမှာတော့ မူဆယ် မန့်ဝိန်း - ကျယ်ဂေါင် ဂိတ်ကနေ ၆ ဘီး ကုန်တင်ယာဉ်များ ဝင်ထွက်လို့ရပြီး မူဆယ် နန်းတော် - ကျယ်ဂေါင်ဂိတ်ကနေ လူဝင်ထွက်ခွင့်ပြုကာ မူဆယ် ဆင်ဖြူ - ကျယ်ဂေါင် ဂိတ်ကနေ လူ နဲ့ ၆ ဘီးအောက် ယာဉ်တွေကို နေ့စဉ်ဝင်ထွက်ခွင့်ပြုတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ အဓိကကုန်သွယ်ရာ ကျင်စန်းကျော့-ဝမ်တိန် နယ်စပ်ဂိတ်မှာ ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး မြန်မာဘက်ခြမ်းက နယ်စပ်ပို့ကုန် ယာဉ်မောင်းတွေ တရုတ်ဘက်ခြမ်း ဝမ်တိန်ထဲ စတင်ဝင်ခွင့်ပြုတော့မှာဖြစ်ကြောင်း တရုတ်ဘက်က ထုတ်ပြန်စာနဲ့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“နယ်စပ်ဖြတ်ကျော်ခွင့် (Border Pass – BP) စာအုပ် ရှိထားတဲ့သူတွေ ကုန်တင်ယာဉ်မောင်း တယောက်နဲ့ ယာဉ်နောက်လိုက်တယောက် ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး မြန်မာဘက်ခြမ်း ကျင်စန်းကျော့၊ လွယ်အင် နယ်စပ်ကနေ တရုတ်ဘက် ဝမ်တိန်ထဲ ဝင်လို့ရပြီ” လို့ နယ်စပ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
လက်ရှိမှာတော့ နယ်ခြားဖြတ်ကျော်ခွင့် (Border Pass – BP) စာအုပ် အနီကို မူဆယ်မြို့နယ် အိမ်ထောင်စုရှိသူတွေကိုသာ ထုတ်ပေးနေသေးတာကြောင့် တခြားပြည်နယ်တွေနဲ့ မြို့တွေထဲက ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေ အနေနဲ့တော့ ဝင်လို့ရသေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပို့ကုန်လုပ်ငန်းရှင် တဦးကလည်း “မူဆယ်အိမ်ထောင်စုရှိတဲ့ ကားသမား၊ စပယ်ယာတွေပဲ ရဦးမှာ ဟုတ်တယ်” လို့ ပြောပါတယ်။
တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုအတွက် အကောက်ခွန်ရှင်းလင်းရေး အဆင်ပြေ ချောမွေ့စေဖို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီး တရုတ်၊ မြန်မာ ကုန်စည်ပို့ဆောင်ရေး ယာဉ်တွေအနေနဲ့ ကုန်တင်ယာဉ်တစီးလျှင် လူ ၂ ဦး (ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်) ကို ဝမ်တိန်၊ မန်မန်းလမ်းကြောင်းကနေ တရုတ်ဘက် ဝင်၊ ထွက်ခွင့် ပြုပြီဖြစ်ကြောင်း ရွှေလီမြို့ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးကနေ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြန်မာဘက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးရုံး ပို့ထားတဲ့ အသိပေး အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
အဲဒီစာမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အနေနဲ့ သက်ဆိုင်ရာ တရုတ်အကောက်ခွန်နဲ့ နယ်စပ်စစ်ဆေးရေး လုပ်ထုံးလုပ်နည်းေတွအတိုင်း ပြန်လည်စတင်မှာဖြစ်တယ်လို့ ပါရှိပါတယ်။
မန္တလေး-ကျင်စန်းကျော့ ကုန်တင်ယာဉ်မောင်းတဦးက “အဲဒီ ရောဂါမဖြစ်ခင်တုန်းက စပယ်ယာ၊ ဒရိုင်ဘာ ဝင်လို့ရတယ်လေ။ တခြားခရီးသည် ပါလို့မရဘူး၊ ၂ ယောက်ပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ကိုဗစ်ကာလ မတိုင်ခင်က မူဆယ်နယ်စပ်ကနေ တရုတ်ဘက်ခြမ်း နယ်စပ်ထဲ ကားတစီးကို မြန်မာယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၁ ဦးစီ ပုံမှန်ဝင်ခွင့်ပြုခဲ့ရာက ကိုဗစ်ကပ်ရောဂါကြောင့် ယာဉ်တွေကိုပါ ဝင်ရောက်ခွင့် ကန့်သတ်ခဲ့တာဖြစ်ပြီး ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ မြန်မာကုန်တင်ကားတွေကို တရုတ်ဘက်နယ်စပ်ထဲ ပြန်လည်ဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။