close

ဝင်ပစ်

close

April 30, 2022

ဇလပ်ကုန်းရွာနာရေးကို စစ်တပ်က ဝင်ပစ်သဖြင့် ရွာသား ၁ ဦး သေဆုံး၊ အလောင်းကို ကျပ် ၄ သိန်းဖြင့် ရွေးခိုင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဇလပ်ကုန်းကျေးရွာကို ဧပြီ ၂၈ ရက် နေ့လယ် ၁ နာရီလောက် စစ်ကောင်စီတပ် အင်အား ၅၀‌ လောက်နဲ့ ရောက်ရှိလာပြီး ဝင်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ရွာသားတဦး သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက ဇလပ်ကုန်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဖိုးစွန်း ဓားခုတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ တိုင်ကြားခံရတာကြောင့် ရှောင်နေရတဲ့ စွပ်စွဲခံရသူ ၆ ဦး ရှိခဲ့ပါတယ်။ 

သူတို့ထဲက တဦးရဲ့သား နာရေးရှိခဲ့တာကြောင့် အဲ့ဒီနာရေးကို ရှောင်တိမ်းနေသူတွေ ပြန်လာတယ်လို့ ယူဆပြီး စစ်ကောင်စီအဖွဲ့က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာပါ။ ဒီပစ်ခတ်မှုကြောင့် နာရေး အုတ်ဂူပိတ်ဖို့ လုပ်ကိုင်နေတဲ့ အသက် ၂၃ နှစ်အရွယ် ကိုနေစိုးသူ ​ကျည်ဆန် ၃ ချက်ထိမှန် သေဆုံးခဲ့တာပါ။

“အင်အား ၅၀ လောက်လောက်တော့ ရှိလိမ့်မယ်နဲ့ တူတယ်။ စစ်သားရော၊ ရဲရော၊ ပျူစောထီးရော။ သူတို့ ပစ်တာက သုသာန်မှာလည်း ပစ်တယ်။ အိမ်မှာလည်း ပစ်တယ်။ လမ်းမှာလည်းပစ်တယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။ 

“အုတ်ဂူပိတ်တာ အုတ်ခဲလေး ၄ ချပ်ပဲ ပိတ်ရသေးတယ်၊ ရောက်လာပြီး သေနတ်နဲ့ ပစ်တော့ ကလေးတွေဆိုတော့ ကြောက်အားနဲ့ ပြေးကြတာပေါ့။ သေနတ်မှန်တာက ၃ ချက်။ ပေါင်ရင်းမှန်တဲ့ အချက်က ဆီးခုံထိသွားပုံရတယ်။ ရွာမှာပဲ ဆုံးတာကို ဆေးရုံသယ်သွားတာ” လို့ ဒေသခံက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ရုပ်အလောင်းကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဆေးရုံကို သယ်သွားခဲ့ပြီး ငွေကျပ် ၄ သိန်းနဲ့ လာရွေးခိုင်းခဲ့ပါတယ်။ ငွေကြေးမတတ်နိုင်လို့ အလောင်းမထုတ်နိုင်ခဲ့တာကြောင့် မိသားစုမှ သင်္ဂြိုဟ်ခွင့်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီအဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် ဇလပ်ကုန်း ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး နာရေးလိုက်ပါပို့ပို့ဆောင်သူ ဇလပ်ကုန်းရွာသား နှစ်ဦးနဲ့ သိမ်တိုင်ရွာသား တဦးကိုလည်း မသင်္ကာလို့ဆိုကာ ဖမ်းဆီးသွားခဲ့ပါသေးတယ်။ 

ဒါ့အပြင် နာရေးအိမ်နဲ့ လမ်းမှာတွေ့တဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇလပ်ကုန်းရွာကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ကားအပြန်မှာ မိုင်းဆွဲခံခဲ့ရတယ်လို့လည်း သိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

1 hour Ago

October 4, 2021

ရေစကြိုမြို့လက်ဖက်ရည်ဆိုင်အတွင်း စစ်တပ်ကဝင်ပစ်ခတ် ၊ ပြည်သူ ၁ ဦးသေပြီး ၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့၊ ငါးရာပြည့်ရပ်၊ လယ်တော်ညောင်ပင်ဘုရားအနီးက Date လက်ဖက်ရည်ဆိုင်မှာ အောက်တိုဘာ ၄ ရက် ဒီနေ့မနက် ၉ နာရီခွဲလောက်က စစ်တပ်က ပစ်ခတ်လို့ ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦးကိုလည်း အကြမ်းဖက် ဖမ်းဆီးသွားပါတယ်။

ဒေသခံတဦးက “Date စားသောက်ဆိုင်ထဲကို ဝင်ပစ်တာ။ ဘာကြောင့် ဝင်ပစ်တာလဲတော့ မသိဘူး။ ကျနော်တို့လည်း အသက်လုပြီး ပြေးခဲ့ရတယ်။ လူငယ် တယောက်တော့ ကျည်မှန်ပြီး နေရာမှာပဲ ဆုံးသွားတယ်။ နှစ်ယောက်ကိုလည်း အကြမ်းဖက်ပြီး ဖမ်းသွားတယ်”လို့ အတည်ပြုပြောပါတယ်။

လက်ဖက်ရည်ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံနောက်တစ်ဦးကလည်း “ခု မနက် ၉နာရီခွဲလောက်က  စစ်တပ်က ကောင်တွေ လက်ဖက်ရည်ဆိုင်အတွင်းကို ဝင်လာတယ်။ ငါးဦးဖမ်းပြီးတော့ သေနတ်တွေနဲ့ ရမ်းပစ်တယ်၊ ဆိုင်ထိုင်နေတဲ့လူတွေက ထွက်ပြေးကြတာပေါ့။ ပြေးတဲ့လူတွေကိုသေနတ်နဲ့လိုက်ပစ်တယ် ကောင်လေးတစ်ဦးထိတာ ခေါင်းကိုမှန်တာပဲ အခုတော့ သေသွားပြီ အရေးပေါ်ပရဟိတကားရောက်လာပြီးတော့ ဆေးရုံလိုက်ပို့ပေမယ့် မမှီလိုက်တော့ဘူး” လို့ပြောပါတယ်။

မနေ့ ညနေပိုင်းက ရေစကြို- ပခုက္ကူ တိုးဂိတ်အနီးမှာ တပ်သားအယောက် ၂၀ လောက် တင်ဆောင်လာတဲ့ စစ်ကားဗုံး ၃လုံးပေါက်ကွဲတာကြောင့် သေဆုံး ဒဏ်ရာရရှိသူ တွေရှိခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာတွေမှာ ထိုးစစ်ဆင်နေရာမှာ ဇက်ဆိပ်ကနေ ကျေးရွာထဲအဝင် စစ်ယာဉ်တန်း ဗုံးခွဲခံရပြီး စစ်သားနှစ်ဦး သေဆုံးကာ ရဲနှစ်ဦးနဲ့ စစ်သားနှစ်ဦး စုစုပေါင်း ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စု ၈၉ အုပ်စုရှိပြီး အုပ်ချုပ်ရေးမှူး ၈၀ နီးပါး နုတ်ထွက်သွားကြပြီး ၁၀ ဦးနီးပါးသာ နုတ်ထွက်ဖို့ ကျန်တော့တယ်လို့ မြို့နယ်ထွေအုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

7 months Ago
Up