close

ဝင်ပြိုင်

close

September 9, 2021

ဂျပန်ဝန်ကြီးချုပ်နေရာအတွက် ဂျပန်လွှတ်တော်အမတ် ဆာနာအဲတာ့ခအိချိ ဝင်ပြိုင်မည်

ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိဒဲစုင ရဲ့နေရာကို ဆက်ခံဖို့ လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင် နေရာကို ဝင်ပြိုင်မယ်လို့ ဂျပန်လွှတ်တော်အမတ် ဆာနာအဲတာ့ခအိချိက တရားဝင် ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟာ ပါတီခေါင်းဆောင် နေရာကနေ ဆင်းပေးတော့မယ်လို့ အရင်သီတင်းပတ်က ကြေညာခဲ့တာပါ။

တာခအိချိကတော့ ပြည်ထဲရေးဝန်ကြီးဟောင်းလည်းဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ အနီးကပ် လက်ထောက်လည်း ဖြစ်ခဲ့ဖူးပါတယ်။ သူကတော့ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ခေါင်းဆောင်ဖြစ်ဖို့ ရည်မှန်းထားသူပါ။

စက်တင်ဘာ ၂၉ ရွေးကောက်ပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖှုမိအို ခိရှိဒါ့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တာခအိချိကတော့ လုံခြုံရေး အားဖြည့်ပြီး ကိုဗစ်-၁၉ ကပ်ဘေးသင့် စီးပွားရေး မြှင့်တင်ရာမှာ ကူညီမယ့် မူဝါဒကို စိန်ခေါ်နေပါတယ်။

သူဟာ ဂျပန်ဘဏ်ရဲ့ ၂ ရာခိုင်နှုန်း ငွေကြေး ဖောင်းပွနှုန်းကို ကာမိစေမယ့် ပင်မရသုံးမှန်းခြေငွေ စာရင်း ဟန်ချက်ညီရေး ပန်းတိုင်ကို စိုက်ထူမယ်လို့လည်း ပြောပါတယ်။

အာဏာရပါတီ ရွေးကောက်ပွဲ အနိုင်ရသူဟာ ဂျပန်ရဲ့ ဝန်ကြီးချုပ်အသစ် ဖြစ်လာမယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

2 mins Ago

September 12, 2020

လူထုတောင်းဆိုမှုကြောင့် တသီးပုဂ္ဂလဝင်ပြိုင်ခြင်းဖြစ်ဟု ကယားလွှတ်တော်ဥက္ကဋ္ဌပြော

လူထုရဲ့တောင်းဆိုမှုအရ ၂၀၂၀ ရွေးကောက်ပွဲကို တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာလို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောပါတယ်။ “ကျနော်အခု တသီးပုဂ္ဂလပြိုင်တယ်ပေါ့။ ဒါလည်းပဲ ကျနော်က တရားဝင်တော့ ငါက အန်အယ်လ်ဒီက မပါလို့ တသီးပုဂ္ဂလပြိုင်တယ် မဟုတ်ပါဘူး။ ကျနော်ပြောခဲ့သလိုပဲ လူနဲ့ပါတီကို ပါတီကြည့်မယ်၊ ပါတီနဲ့ပြည်သူ ပြည်သူကို ကြည့်မယ်ဆိုတော့ ကျနော့်အမျိုးသမီးကို ကျနော့်မဲဆန္ဒနယ်ကို လွှတ်တယ်။ ပြီးတော့ မဲဆန္ဒနယ်က ပြည်သူရဲ့ဆန္ဒအရ ကျနော် တသီးပုဂ္ဂလပြိုင်တာပါ။” သူ့အနေနဲ့ အရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ရှားတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှာပဲ ပြန်လည်ဝင်ရောက်အရွေးခံမယ်လို့ ဆိုပါတယ်။ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တာကြောင့် အန်အယ်လ်ဒီပါတီကနေ ဩဂုတ် ၁၀ ရက်နေ့မှာ နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဦးလှထွေးက ပြောပါတယ်။ “ကျနော်က နုတ်ထွက်တာမဟုတ်ဘူး။ သူတို့က နုတ်ထွက်ခိုင်းတာ။ ၆ ရက်နေ့မှာ နုတ်ထွက်ခိုင်းတယ်။ နုတ်ထွက်ခိုင်းတဲ့နေ့မှာပဲ ကျနော်က နုတ်ထွက်စာတင်လိုက်တယ်။ ၈ လပိုင်း ၁၀ ရက်နေ့မှာ နုတ်ထွက်စာ ကျပြီးသားပါ။ ” အန်အယ်လ်ဒီပါတီကနေ ဝင်ရောက်အရွေးခံဖို့ ကိုယ်စားလှယ်လောင်းတင်ခဲ့ပြီး ရပ်မိရပ်ဖက ရွေးချယ်လို့ ပါဝင်လာခဲ့သလို မြို့နယ်နဲ့ ပြည်နယ်အဆင့်မှာလည်း ဦးစားပေးအနေနဲ့ ပါဝင်လာခဲ့ပေမယ့် ဗဟိုရွေးချယ်မှုမှာ မပါတော့ဘူးလို့ ပြောပါတယ်။ “ပြောမယ်ဆိုရင် ရပ်မိရပ်ဖ ၅ ဦး ကျနော်တို့မြို့နယ်ကနေ တင်လာတယ်။ အဲ့ဒီမှာက ကျနော်တို့ မြို့နယ် EC က ၁၇ ယောက်ရှိတယ်။ အဲဒီမှာ ၁၅ မဲ ၂ မဲ ကျနော်က ၁၅ မဲရတယ်။ ကျနော်နဲ့ ပြိုင်မယ်လူက ၂ မဲရတယ်။ ပြည်နယ် EC မှာကျတော့ ၁၉ ယောက်ရှိတယ်။ ကျနော်က ၁၇ မဲ၊ ၂ မဲ။ ကျနော်အဲဒီပေါ်က သဘောထားကိုတော့ အဖြေထပ်မပေးချင်ပါဘူး။ ဒီမှာအောက်ခြေမှာ ခိုင်မှာလျက်သားနဲ့ အပေါ်က မရဘူးဆိုတာတော့ .. သူတို့လည်း ရည်ရွယ်ချက်ရှိမှာပေါ့။ ” ဦးလှထွေးဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြောက်ခံခဲ့ရပါတယ်။ ကယားပြည်နယ် ဖားဆောင်းမြို့နယ်အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိုင်းသန်းရွှေ၊ ဖရူဆိုမြိုနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူနဲ့ အန်အယ်လ်ဒီပါတီဝင်တချို့လည်း အောက်ခြေမှာ ပါတီကိုယ်စားလှယ်ရွေးချယ်ပြီး ဗဟိုအဆင့်မှာမပါလာလို့ တသီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်တာ ရှိနေပါတယ်။ ကယားပြည်နယ်မှာ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦးအပါအဝင်  နိုင်ငံရေးပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၇၂ ဦးရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
12 months Ago
Up