close

ဝင်ရောက်ဖျက်ဆီး

close

May 15, 2021

ခင်ဦးမြို့နယ်၊ ကံသာယာရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ငွေနှင့် ဆန်များလုယက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသာယာရွာမှာ မေလ ၁၅ ရက် ညနေပိုင်းက  ဒေသခံ အန်အယ်လ်ဒီ ဥက္ကဋ္ဌ နေအိမ်အပါအဝင် နေအိမ် ၃ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖျက်ဆီးပြီး  ဆန်အိတ်တွေနဲ့ ငွေသားတချို့ ယူသွားကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေ ၄ နာရီလောက်က စစ်ကားသုံးစီးလာတယ်ဗျ။ အန်အယ်လ်ဒီ ဥက္ကဋ္ဌ နေအိမ်ကို အရင်ဝင်တယ်။ အန်အယ်လ်ဒီဆိုင်းဘုတ်တွေဖျက်ဆီးတယ်။ အလံနဲ့ တခြား အန်အယ်လ်ဒီ နဲ့ပတ်သက်တာတွေလည်း သိမ်းသွားကြတယ်။ နောက်တအိမ်ထပ်ဝင်ပြီးလည်း ရှာဖွေတာတွေ ရိုက်ဖျက်တာတွေလုပ်တယ်။ နောက်ဆုံးတစ်အိမ်ကတော့ ဘီရိုတွေရိုက်ဖွင့်တယ်၊ တခြားပစ္စည်းတွေ လွှင့်ပစ်တယ်၊ ဆန်အိတ် ၄ ပိုင်း ရယ် ငွေကျပ် ၇ သိန်းရယ်ယူသွားတယ်။ ရွာသား ရွာသားတွေကအကုန်ထွက်ပြေးကြရတာဆိုတော့ ဘယ်သူအိမ် ဘယ်လောက်ပါသွားတယ်ဆိုတာ အတိအကျမသိရသေးဘူး” လို့ ရွာသားတစ်ဦးကပြောပါတယ်။

ကံသာယာရွာမှာ တခြားအကြောင်းအရာကိစ္စဘာတခုမှ ဖြစ်ပွားခဲ့တာ မရှိဘဲ ရွာထဲကို လက်နက်ကိုင်တပ်တွေဝင်လာပြီး ငွေကြေး ပစ္စည်းတွေယူသွားတာလို့လည်း  ရွာသားတွေကဆိုပါတယ်။

ရွာသူရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာမရှိပေမဲ့ ပစ္စည်းတွေသိမ်းနေတဲ့  ရွာသား ၃ ယောက်ကိုတော့  ခေါ်ဆောင် စစ်ဆေး မေးမြန်းရိုက်နှက်တာတွေလုပ်ပြီး ပြန်လွှတ်ပေးထား ခဲ့တယ်လို့ သိရပါတယ်။

6 hours Ago

July 25, 2020

အင်္ဂပူမြို့နယ်ရှိ တောင်ယာတဲများကို တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီး

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျွဲဆင်းကျေးရွာအုပ်စုရှိ တောင်ယာလုပ်ကိုင်သူတွေ နေထိုင်တဲ့ တဲတွေကို တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ကျွဲဆင်းကျေရွာအုပ်စု ငှက်ပျောတောကျေးရွာနေ ဦးခင်ရွှေက “ဆင်ဝင်နေတာ ကြာပြီ၊ ခုဆို တပတ် ဆယ်ရက်လောက် ရှိမယ်။ တောင်ယာတဲတွေ ဖျက်ဆီးတော့ လူတွေမနေရဲတော့ဘူး။ ခုဆို ရွာနားတောင် ရောက်လာပြီ၊ တဲကတော့ ၂၀ ကျော်လောက်ရှိမယ်။ ဆင်က နေ့ခင်းဘက် ပျောက်သွားပြီး ညဘက်ညဘက် ရောက်လာပြီး တဲကို ဖျက်ဆီးတယ်။ အဲဒီမှာ ဆန်တို့၊ ဆားတို့ စားတာ။ လူတွေကတော့ ကြောက်လို့ ပြေးကြလွှားကြပေါ့ဗျာ။ အတော်လေးတော့ အခက်အခဲဖြစ်နေတယ်” လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်ဟာ ရခိုင်ရိုးမနဲ့ ထိစပ်နေပြီး နှစ်စဉ် တောဆင်ရိုင်းတွေ ဝင်ရောက်တာတွေ ကြုံနေရတာပါ။ အင်္ဂပူမြိုနယ်သစ်တောဦးစီးဌာန တောအုပ်ဦးကျော်မျိုးအောင်က “ကျနော်တို့ မြန်မာ့သစ်ထုတ်လုပ်ရေးကို စာတင်အကူအညီတောင်းထားပါတယ်။ ကျနော်တို့မှာက ဆင်မရှိဘူး၊ သစ်ထုတ်လုပ်ရေးမှာသာ ဆင်ရှိတော့ သူတို့ဆီ စာတင်ရတယ်ဗျ။ သူတို့ဆင်တွေက တောထဲမှာဆိုတော့ ခုထိ ရောက်မလာနိုင်သေးတာ ဖြစ်မယ်။ ထုတ်လုပ်ရေးက ဆင်ရောက်ရင်တော့ တောနင်းပြီး ဆင်ရိုင်းကိုမောင်းမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းကလည်း အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ လေးမျက်နှာနဲ့ ကြံခင်းမြို့နယ်တွေက ကျေးရွာအချို့ကို တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး နေအိမ်တွေနဲ့ သီးနှံစိုက်ပျိုးခင်းတွေကို ဖျက်ဆီးခဲ့ဖူးပါတယ်။
10 months Ago
Up