နိုင်ငံတကာအာကာသစခန်း (ISS) ကို မတ် ၁၈ ရက်က ရောက်ရှိသွားတဲ့ ရုရှားအာကာသယာဉ်မှူးတွေက ယူကရိန်းကို ထောက်ခံတဲ့အနေနဲ့ အပြာရောင်အနားကွပ်ပါတဲ့ အဝါရောင်ဝတ်စုံတွေ ရွေးချယ်ဝတ်ဆင်ထားတယ်လို့ အနောက်မီဒီယာတွေမှာ ဖော်ပြနေမှုကို ရုရှားအာကာသအေဂျင်စီ ရိုစ်ကော့စ်မော့စ် (Roscosmos) က ငြင်းဆိုလိုက်ပါတယ်။
သမ္မတပူတင်ကို ကြောက်ရတဲ့ အာကာသအေဂျင်စီက “အဝါက အဝါပါပဲ၊ တခါတလေ အဝါရောင်ဝတ်စုံကို ရွေးမိတာပါ၊ ယူကရိန်းနဲ့မဆိုင်ပါဘူး” လို့ ပြာပြာသလဲ တယ်လီဂရမ် ချန်နယ်ကနေ ဖြေရှင်းပါတယ်။
အာကာသယာဉ်မှူး ၃ ဦးက Bauman Moscow State Technical University က ဘွဲ့ရခဲ့တဲ့သူတွေမို့ အဲဒီတက္ကသိုလ်ရဲ့ သင်္ကေတ အဝါရောင်နဲ့အပြာတွေ ဝတ်ထားတာလို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ISS အာကာသစခန်းကနေ အာကာသယာဉ်မှူးတွေ သတင်းစာ ရှင်းလင်းရာမှာလည်း ဝါရင့်ယာဉ်မှူး Oleg Artemyev က “ကျနော်တို့ ကြိုက်တဲ့ဝတ်စုံ ကျနော်တို့ ဝတ်တာပါ၊ အခုက အဝါကိုဝတ်ဖို့ အလှည့်ကျလာလို့ပါ၊ တခြားကိစ္စတွေနဲ့ မဆိုင်ပါဘူး” လို့ ဖြေရှင်းပါတယ်။
ရုရှားအာကာသအေဂျင်စီက အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေဟာ နိုင်ငံတကာအာကာသစခန်း (ISS) မှာ နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နေမှုကို ပျက်စီးစေပြီး ကမ္ဘာပတ်လမ်းထဲက အာကာသယာဉ် ပြုတ်ကျသွားမယ်လို့ ခြိမ်းခြောက်ပါတယ်။
အမေရိကန် NASA အာကသအေဂျင်စီက ပထဝီမြေပြင်ပေါ်က ပဋိပက္ခတွေကို အာကာသထဲ သယ်မသွားနဲ့လို့ တုံ့ပြန်ခဲ့ပါတယ်။