close

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

close

December 3, 2021

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အတွင်းရေးမှူးနှင့် ယာဉ်မောင်းတို့ တရားလိုပြသက်သေအဖြစ် ထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေထဲက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက  ရွှေ၊ ဒေါ်လာနဲ့ ဗုဒ္ဓရုပ်ပွားတော်  ယူခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုကို ဒီဇင်ဘာ ၃ ရက်က နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ် တင်သွင်းထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်ကြည်၊ ယာဉ်မောင်း ဦးဖြိုးကိုကိုဝင်းနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ ကူညီပေးနေတဲ့  ဒေါ်ဝေဝေသန်းတို့ တရားရုံးမှာ ထွက်ဆိုချက်တွေ ပေးခဲ့ကြပါတယ်။

ဒေါ်ဝေဝေသန်းကို စစ်ကောင်စီက ဗုဒ္ဓရုပ်ပွားတော်နဲ့ပတ်သက်ပြီး လိုပြသက်သေအဖြစ် တင်သွင်းခဲ့တာဖြစ်ပေမဲ့ ဒေါ်ဝေဝေသန်းကတော့  ရုပ်ပွားတော်နဲ့ပတ်သက်ပြီး ဘာမှမပြောဆိုခဲ့ဘူးလို့  သိရပါတယ်။

ဒီအမှုအတွက် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်က နိုဝင်ဘာ ၁၂ ရက်နေ့က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။

ဒေါ်ခင်မိမိကြွယ်က သူ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေချောင်းတွေကို ပြင်ဆင်ပေးခဲ့ရတယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ အောက်တိုဘာ ၁ ရက်နေ့ထွက်ဆိုချက်ကို အတည်ပြုပေးဖို့ ကြိုးစားခဲ့တာပါ။

ဒေါ်လာနဲ့ရွှေချောင်းတွေ အဆင်သင့်ဖြစ်တဲ့အချိန်နဲ့ သွားပေးတဲ့အချိန်တွေကိုတော့ ရက်စွဲအတိအကျနဲ့  ဒေါ်ခင်မိမိကြွယ်က ထွက်ဆိုခဲ့တာမရှိခဲ့ပါဘူး။

မန္တလေးတိုင်း တရာလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိအမှု ၄ မှုကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး အဲ့ဒီနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ထပ်မံစွဲဆိုထားတဲ့ အဂတိအမှုသစ်ရဲ့ တရားလိုကို စတင်စစ်ဆေးသွားဖို့ ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ အစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ အတိုင်ပင်ခံနဲ့သမ္မတတို့ကို စစ်ကောင်စီက သီးခြားစီစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မအမှု ၂ ခု၊ စုစုပေါင်းအမှု ၃ ခုကို  နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ချိန်းဆိုခဲ့ပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက်မှ အမိန့်ချမယ်ဆိုပြီး ရက်ရွှေ့ဆိုင်းထားပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စွဲဆိုထားတဲ့ တခြား သဘာဝဘေးပုဒ်မအမှု ၂ ခုကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်ထားပါတယ်။ 

ဒါကြောင့် ဒီဇင်ဘာ ၆ ရက်မှာ  အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အမှု ၃ ခု၊ သမ္မတဦးဝင်းမြင့်က အမှု ၂ ခုအတွက် စီရင်ချက်ချခံရမှာဖြစ်ပါတယ်။

ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာ  တုံ့ပြန်ပြောဆိုထားပါတယ်။

9 mins Ago

May 30, 2020

ဗိုလ်တထောင်စေတီကိစ္စ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ဖြေရှင်းချက်တောင်းထားဟု ဦးဇော်ဌေးပြော

ဗိုလ်တထောင်စေတီမှာ လူစုလူဝေးနဲ့ ဘာသာရေးပွဲပြုလုပ်တယ်ဆိုတဲ့ ပြောဆိုနေကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို  ဖြေရှင်းချက် တောင်းခံထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက ပြောပါတယ်။ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်ဆိပ်ကမ်းမှာ မေ ၂၄ ရက်က ရှင်ဥပဂုတ္တဖောင်တော်ရေချပူဇော်မင်္ဂလာနဲ့ မြနန်းနွယ်ကျောင်းဆောင် ရွှေ့ပြောင်းတဲ့ လုပ်ဆောင်ချက်တွေဟာ လူစုလူဝေးနဲ့ဆောင်ရွက်တယ်ဆိုပြီး လူတွေက ဝေဖန်ပြောဆိုနေကြတာပါ။  ဒါနဲ့ပတ်သက်ပြီး ဒီနေ့ သတင်းထောက်တွေနဲ့ ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ  ဦးဇော်ဌေးက အခုလို ပြောဆိုသွားတာပါ။ “ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တဖောင်တော်ရေချပူဇော်မင်္ဂလာနဲ့ ဗိုလ်တထောင်ဘုရား ဘက်စုံမွမ်းမံဖို့၊ မြနန်းနွယ်ကျောင်းဆောင် ပြုပြင်မွမ်းမံရာမှာ လူစုလူဝေး ဖြစ်ခဲ့တယ်ဆိုတဲ့ အခြေအနေတွေ မီဒီယာမှာ ဖော်ပြလာတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ဆောလျင်စွာ ဖြေရှင်းတင်ပြဖို့ ကျနော်တို့ အကြောင်းကြားထားတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းတင်ပြဖို့ ရှိပါတယ်။ ဖြေရှင်းတင်ပြချက်အပေါ်မူတည်ပြီး လူကြီးတွေက စီမံဆောင်ရွက်မှာ ဖြစ်ပါတယ်။" ဒါနဲ့ပက်သက်ပြီး လူ ၂ ဦးကလည်း တရားစွဲဖို့ ဆောင်ရွက်ခဲ့တာတွေလည်း ရှိပါတယ်။  အဲဒီလို ဝေဖန်မှုတွေအပေါ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဗိုလ်တထောင်စေတီမှာ ဆောင်ရွက်ခဲ့တာတွေဟာ ဆောင်လုပ်ရေးလုပ်ငန်းခွင် ပြန်လည်လည်ပတ်ဖို့ ဆောင်ရွက်တာဖြစ်ပြီး ပွဲလမ်းသဘင် မဟုတ်ဘူးလို့ မေ ၂၆ ရက် က ဒီဗွီဘီကို ဖြေကြားခဲ့ပါတယ်။  နိုင်ငံပိုင်သတင်းစာမှာတော့ ရှင်ဥပဂုတ္တမထေမြတ် ဖောင်တော် ရေချပူဇော်ပွဲကို ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ တက်ရောက်တယ်လို့ ရေးသားဖော်ပြပါတယ်။
2 years Ago
Up