close

ဝန်ကြီး ၁၁ ဦး

close

July 19, 2022

ထိုင်းဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၁ ဦးအား အယုံအကြည်မရှိကြောင်း လွှတ်တော်တွင် အဆိုတင်

ထိုင်းဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်းအိုချာအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၁ ဦးကို အယုံအကြည်မရှိကြောင်း အတိုက်အခံပါတီတွေက ဒီကနေ့  ဇူလိုင် ၁၉ ရက်  အမျိုးသားလွှတ်တော်ညီလာခံမှာ စတင်အဆိုတင်သွင်းနေကြပါတယ် ။ 

အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းခံရသူတွေမှာ ဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်းအိုချာ၊ ဒုဝန်ကြီးချုပ်နဲ့ စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီး နိုင်းကျူးရင်း လတ်ဆနဖိဆစ်၊ ဒုဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီး နိုင်းအနုထင်း ချန်းဝီရကွန်း၊ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပဝစ် ဝုန်းဆုဝမ်း၊ ပြည်ထဲရေးဝန်ကြီး အနုဖုန်း ဖောဝ်ကျင်းဒါး၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ဆယာမ်ချစ်ချွပ်၊ လူမှုစီးပွားနဲ့ ဒစ်ဂျစ်ဒယ်လ်ဝန်ကြီး ချိုင်းဝုဒ် ထနာခမာနုဆွန်၊ လူမှုဖွံ့ဖြိုးရေးနဲ့လူသားရင်းမြစ်တည်တံ့ရေးဝန်ကြီး ကျူတီကလိုလိုတ်၊ ဘဏာ ရေးဝန်ကြီး ဆန်တိ ဖရွမ်ဖတ်၊ ပြည်ထဲရေးအတွင်းဝန်ရုံးဝန်ကြီး နိဖွန်း ဘွန်းယားမဏီးနဲ့ အလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချူမ်းကလင်တို့ ပါဝင်ပါတယ်။ 

သူတို့တွေဟာ မိမိတာဝန်ယူထားတဲ့ လုပ်ငန်းရပ်တွေမှာ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်တဲ့ အရည်အချင်းမရှိခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် ရာထူးနဲ့တာဝန်ကို အလွှဲသုံးစားလုပ်ခြင်း၊ ဥပဒေနဲ့ညီညွတ်မှုမရှိတာတွေကို ထိရောက်စွာအရေးမယူဘဲ လစ်လျူရှုထားခြင်း၊ တိုင်းပြည်ရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်းကျဆင်းစေခြင်း အစရှိတဲ့ စွဲချက်တွေနဲ့ အယုံအကြည်မရှိကြောင်း  အဆိုတင်သွင်းခံနေရတာပါ။ 

ဖွေထိုင်း၊ ကောဝ့်ကလိုင်၊ ဆေရီရုမ်းထိုင်း၊ ပရချားချတ်၊ ဖွေ့ချတ်၊ ဖလန်းဘွန်းချွန်းထိုင်း အစရှိတဲ့ အတိုက်အခံပါတီ ၆ ပါတီဟာ အထက်ပါ ဝန်ကြီး ၁၁ ဦးရဲ့ တဦးချင်းအားနည်းချက်၊ လစ်ဟာ ချက်တွေကို မှတ်တမ်းမှတ်ရာ၊ စာရင်းဇယား သက်သေအထောက်အထား အပြည့်အစုံနဲ့ တင်သွင်း နေတာဖြစ်ပါတယ်။ 

သက်ဆိုင်ရာ ဝန်ကြီးတွေကလည်း စွပ်စွဲချက်တွေကို အချက်ကျကျ ပြန်လည်ဖြေရှင်းနေပါတယ်။  ဒါကြောင့် ဝန်ကြီး ၁၁ ဦးစလုံးအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းမှုဟာ အချိန် ၄- ၅ ရက်လောက် ကြာသွားနိုင်မယ်လို့ သတင်းဌာနတွေက ခန့်မှန်းပါတယ်။ 

လက်ရှိ အာဏာရအစိုးရရဲ့ ၄ နှစ်သက်တမ်းဟာ မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပြီး အယုံအကြည်မရှိ အဆိုတင်သွင်းခွင့် အခွင့်အရေးဟာလည်း ဒီတကြိမ်နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။ 

ဝန်ကြီး ၁၁ ဦးလုံးဟာ ကောင်းမွန်စွာပြန်လည်ချေပနိုင်တယ်ဆိုရင် နောက်ထပ်အစိုးရဆက်ဖြစ်သွားဖို့ အလားအလာရှိတာကြောင့် အတိုက်အခံတွေဘက်ကလည်း အစွမ်းကုန်ပြင်ဆင်ထားကြ တယ်လို့ ဆိုပါတယ်။ 

ဝန်ကြီးချုပ် ပရာယုဒ်ချန်းအိုချာက သူတို့အစိုးရအဖွဲ့ဟာ နိုင်ငံ နဲ့ ပြည်သူ့အတွက် ဗဟိုပြုလုပ်ဆောင်နေကြတာကြောင့်  အဆိုပြုချက်တိုင်းကို ကြိုဆိုပြီး ဖြေရှင်းဖို့အသင့်ရှိကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။ 

13 hours Ago
Up