close

ဝန်ခံ

close

August 27, 2021

တရားခံသေဆုံးသည့်ကိစ္စ သူတစ်ဦးတည်း၏ တာဝန်သာဖြစ်ကြောင်း ထိုင်းရဲမှူးကြီး ဝန်ခံ

ထိုင်းနိုင်ငံ၊ နခွမ်းဆဝမ်ရဲစခန်းမှာ မူးယစ်တရားခံတစ်ဦးကို သေဆုံးတဲ့အထိ ငွေညှစ်နှိပ်စက်ခဲ့လို့  ဖမ်းဝရမ်းထုတ်ထားတဲ့ ရဲမှူးကြီး ထိတီဆန် အူဖတ်နတ်ဖွန်း ခေါ် စခန်းမှူး ကျို့ဟာ ချွန်းပူးရီးခရိုင် ဆဲန်ဆုချ်နယ်မြေရဲစခန်းမှာ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တယ်လို့ တာဝန်ရှိရဲမှူးချုပ်က ပြောပါတယ်။ 

ရဲမှူးကြီး ထိတီဆန်ဟာ မြန်မာနိုင်ငံ မြဝတီဘက်ကို တိမ်းရှောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မနေ့ညက ဘန်ကောက် ထိုင်းရဲဌာနချုပ်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာတော့ ထွက်ပြေးပုန်းရှောင်ခဲ့တဲ့နေရာကို ရဲမှူးချုပ်က မဖော်ပြခဲ့ပါဘူး။

အမှတ် ၆ တိုင်းဒေသ ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဧကရာဇ် လင့်ဆန်ကတ်က “မနေ့ည ၁၁ နာရီလောက်မှာ ဖုန်းတစ်ခုဝင်လာတယ်၊ ဘယ်နံပါတ်ပဲဖြစ်ဖြစ် ကျနော်ကိုင်လေ့ရှိပါတယ်။ အဲဒီမှာ သူက ကျနော်ကျို့ပါ၊ ဒီကယက်ဒဏ်ကို ကျနော်မခံနိုင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်။ အဲတော့ ကျနော်က အဲလိုလုပ်ရင် ရဲတပ်ဖွဲ့ကဘာကျန်မှာလဲ၊ ယောကျ်ားပီပီ ဖြစ်ရပ်မှန်ကို ပြည်သူတွေကိုရှင်းပြပါ၊  ပြဿနာဟာ ရှောင်ပြေးရုံနဲ့ မပြီးဘူး၊  သိက္ခာရှိစွာ တာဝန်ယူ ပါလို့ပြောတော့ သူက ဒါဆိုကျနော့ကို မနက်ဖန်ချွန်းပူးရီးမှာ လာကြိုပါတဲ့။ ဒါနဲ့ ကျနော်လည်း အထက်ကတာဝန်ရှိသူတွေကို အကြောင်းကြားပြီး ချွန်းပူးရီးကိုသွားပါတယ်၊ သူက ဆဲန်ဆုခ်နယ်မြေရဲ စခန်းရှေ့မှာချိန်းတယ်၊ ကျနော်တယောက်တည်းလာဖို့ လက်နက်မပါဖို့ တောင်းဆိုတယ်။ ကျနော်လည်း ညနေ ၄ နာရီ ရဲစခန်းရှေ့သွားစောင့်တယ်၊ ၁၅ မိနစ်လောက်နေတော့ အဖြူရောင်ကားတစ်စီးလာရပ်ပြီး ကားပေါ်မှာ မာ့က်စ်တပ်ထားတဲ့ လူတယောက်ဆင်းလာတယ်၊ ကားကချက်ချင်းပြန်ထွက်သွားတယ်၊ အဲဒီလူက ကျနော့်နားလာပြီး ကျနော် ကျို့ပါလို့ ပြောခဲ့တယ်၊ ဒါနဲ့ ကျနော်တို့ ဆဲန်ဆုခ်ရဲစခန်းထဲ ဝင်ပြီး တာဝန်ရှိသူတွေကို သတင်းပို့လိုက်တယ်” လို့ ပြောပါတယ်။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဆူဝပ် ကျဲန့်ယွတ်ဆုခ်ကလည်း ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အပြစ်ရှိသူ ဘယ်သူ့ကိုမဆို အကာအကွယ်ပေးမှာမဟုတ်ဘဲ တရားခွင်ရောက်အောင်ပို့မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သတင်းမီဒီယာတွေကိုလည်း စခန်းမှူး ကျို့နဲ့ ဖုန်းကတဆင့် မေးမြန်းခွင့်ပြုခဲ့ပါတယ်။

“ရဲတပ်ဖွဲ့ဆိုတာ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ရပ်တည်နေရတာဖြစ်တယ်၊ ပြီးခဲ့တဲ့အမှုတွေမှာလည်း  တရားခံအားလုံး နီးပါးဖမ်းမိပြီး အရေးယူခဲ့တယ်။ ဘယ်လိုရာထူး/အဆင့်အတန်းပဲဖြစ်ဖြစ်  အပြစ်ရှိရင် ခံရမှာပဲ၊ ရဲတပ်ဖွဲ့ပေါ် ယုံကြည်စိတ်ချဖို့ ပြောချင်တယ်။” 

စခန်းမှူး ကျို့က  ဒီကိစ္စဟာ မရည်ရွယ်ပဲ ဖြစ်သွားရကြောင်း၊ တရားခံထံမှာ အိုက်စ်ဆေး အလေးချိန် ၁ ကီလိုနဲ့ စိတ်ကြွဆေး ၂ သောင်းနီးပါးရှိကြောင်း သိထားပြီး သူ့ဖုန်းထဲမှာလည်း ဓာတ်ပုံတွေ့ကြောင်း၊ များပြားလှတဲ့ မူးယစ်ဆေးတွေထားတဲ့နေရာ သိရဖို့ စစ်ကြောရင်း ဖြစ်သွားရ တာဖြစ်ပြီး ဒီကိစ္စမှာ သူသာလျှင်အဓိက၊ ကျန်သူတွေက သူခိုင်းတဲ့အတိုင်းလုပ်ရတာဖြစ်လို့ ဘယ်သူမှမဆိုင်ဘဲ သူတယောက်တည်းတာဝန်ယူမယ်၊ ထောင်ဒဏ်တသက်ကျပါစေ သူတယောက်ပဲ ခံယူမယ်လို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ငွေ ၂ သန်းကိစ္စကတော့ လုံးဝမတောင်းရကြောင်း၊ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ တရားခံဆီက ငွေတောင်းတာတကြိမ်မှ မရှိခဲ့ဖူးကြောင်း၊ သေဆုံးသူရဲ့ ဖခင်ကိုတော့ အသုဘစရိတ် ဘတ် ၃ သောင်းထောက်ပံ့ခဲ့ပြီး  ရှေ့နေဆီက ဗွီဒီယိုကလစ် မဖော်ပြဖို့ ဘတ် ၂၀ သန်းနဲ့ ညှိခဲ့တဲ့ ကိစ္စတော့  မဟုတ်မှန်ဘူးလို့ ပြောပါတယ်။ 

ဘာကြောင့် အိတ်မည်းနဲ့ စွပ်ရသလဲ၊ ဘယ်လိုသေဆုံးလဲလို့ မေးမြန်းရာမှာ တရားခံအနေနဲ့ စစ်ကြောသူတွေရဲ့ မျက်နှာကိုမတွေ့စေလိုကြောင်း၊ သူက လဲကျသွားစဉ် သတိရလာဖို့ အဝတ်ကို ရေဆွတ်ပြီးသုတ်တာ၊ မျက်နှာကိုရေလောင်းတာ၊ ရှေးဦးသူနာပြုစုတာတွေလုပ်ခဲ့ပြီး မသေဆုံးခင် ဆေးရုံကို ပို့ခဲ့တာလို့ ဖြေပါတယ်။

ဘာကြောင့် စီစီကင်မရာဖျက်ခိုင်းလဲလို့မေးတော့ မမျှော်လင့်တဲ့ဖြစ်ရပ်ကြုံရလို့ သူလည်းလန့်ဖြတ်ပြီး ပြောမိပြောရာဖြစ်ကာ စခန်းက စီစီကင်မရာတွေလည်း နဂိုက ပျက်နေတာတွေလည်းရှိလို့ အကုန်ဖြုတ်ထားဖို့ပြောတာလို့ စခန်းမှူး ကျို့က ဖြေဆိုခဲ့ပြီး သေဆုံးသူရဲ့ မိဘဆွေ မျိုးများအားလုံးကိုလည်း တောင်းပန်ကြောင်း ပြောသွားပါတယ်။ 

ဒီအမှုကို တာဝန်ယူစုံစမ်းရတဲ့ အဖွဲ့ခေါင်းဆောင် ဒုရဲချုပ်ကြီး ဆူချတ် ထီရဆဒီကတော့ သတင်းထောက်တွေ ဒိထက်ပိုမေးရင် အမှုတွဲကို ထိခိုက်စေနိုင်ကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ အမှန်တရားအတိုင်း တရားမျှတစွာ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

7 mins Ago

November 24, 2019

ပရီးမီးယားလိဂ်တွင် VAR မှတဆင့် မှားယွင်းဆုံးဖြတ်မှု ၄ ခုရှိခဲ့ဟု ဒိုင်လူကြီးများအရာရှိချုပ် ဝန်ခံ

ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ VAR ကနေ မှားယွင်းဆုံးဖြတ်မှု ၄ ခုရှိခဲ့တယ်လို့ ဒိုင်လူကြီးများအရာရှိချုပ် မိုက်ရီလေးက ဝန်ခံလိုက်ပါတယ်။  VAR ဆုံးဖြတ်ချက်ကြောင့် မှားယွင်းခဲ့တဲ့ ပွဲစဉ်တွေကတော့ အာဆင်နယ်က ခရစ္စတယ်ပဲလေ့အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နောက်ခံလူ ဆိုကရားတစ်က ထောင့်ကန်ဘောကနေ အနိုင်ဂိုး သွင်းယူခဲ့ပေမယ့် VAR က ဂိုးမပေးခဲ့ဘဲ မှားယွင်းဆုံးဖြတ်ခဲ့တာပါ။  တခြားပွဲတွေကတော့ ဝက်ဖို့ဒ်နဲ့ ချဲလ်ဆီးပွဲစဉ်မှာ ဒယ်လိုဖူရဲ့ လှဲချမှုကို ပင်နယ်တီပေးခဲ့တဲ့ ဖြစ်ရပ်ဟာလည်း မှားယွင်းခဲ့တာ ဖြစ်ပါတယ်။  ဒါ့အပြင် မန်ယူနိုက်တက်အသင်းက နော့ဝှစ်ချ်နဲ့ပွဲမှာ ဒယ်နီယယ်ဂျိမ်းကြောင့် ရခဲ့တဲ့ ပင်နယ်တီဟာလည်း မှားယွင်းပြီး ပေးခဲ့တာလို့ သိရပါတယ်။  နောက်တခုက အဲဗာတန်အသင်းက ဘရိုက်တန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာဖြစ်ပြီး အဲဗာတန် နောက်ခံလူ မိုက်ကယ်ကိန်းရဲ့ ဖျက်ထုတ်မှုက ပင်နယ်တီ မပေးသင့်ပေမယ့် VAR ရဲ့ ဆုံးဖြတ်ချက်အရ ဘရိုက်တန်အသင်းကို ပင်နယ်တီပေးခဲ့တာ ဖြစ်ပါတယ်။  တခြားနိုင်ငံတွေမှာလည်း VAR စနစ်နဲ့ ပတ်သက်ပြီး အချိန်ပိုမိုလိုအပ်နေသေးလို့ ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့လည်း အချိန်ပေးဖို့ လိုအပ်ကြောင်း မိုက်ရီလေးက ဝန်ခံပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up