မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်အတွင်းမှ ဝန်ထမ်းတွေနဲ့ ကုန်သွယ်မော်တော်ယာဉ်တွေအားလုံး တစ်နာရီအတွင်းထွက်ခွာကြဖို့ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီဗျူဟာမှူးက ညွှန်ကြားထားတယ်လို့ ဒေသခံ ကုန်သည်တွေထံက သိရပါတယ်။
ဘာကြောင့် စစ်ကောင်စီက အခုလိုညွှန်ကြားတယ်ဆိုတာ မသိရသေးပေမဲ့ အခုရက်ပိုင်းတွေမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်စခန်းနဲ့ ရဲစခန်းတွေ တိုက်ခိုက်ခံနေရပြီးနောက် အခုလိုဆောင်ရွက်လာတာဖြစ်ပါတယ်။
မြဝတီနဲ့ ရန်ကုန် ပြေးဆွဲတဲ့ ခရီးသည်တင်လိုင်းကားတွေနဲ့ ကုန်တင်ယာဉ်တွေကိုလည်း စစ်ကောင်စီတပ်တွေက ပိုမိုစည်းကမ်းတင်းကျပ် စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
မြဝတီ ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ ကုန်သွယ်မှုအများဆုံးနေရာဖြစ်ပြီး မြဝတီမြို့မှ ပြည်မကြီးကို ကုန်စည်စီးဆင်းမှုမရှိပါက မြန်မာပြည်သူလူထုတွေ စားဝတ်နေရေးနဲ့ ကုန်ဈေးနှုန်းတွေ ထပ်တက်လာမှာကို စိုးရိမ်တယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
မြဝတီမြို့ သင်္ဃန်းညီနောင်အနီး အာရှလမ်းမကြီးမှာ သြဂုတ် ၁၈ ရက် ဒီကနေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွါးပြီး KNLA ဘက်က တယောက်ကျဆုံး၊ နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ကျဆုံးထိခိုက်မှုကို အခြေအနေကိုတော့ မသိရသေးပါဘူး။
ကော့ကရိတ်မြို့နယ်မှာလည်း တောင်သုံးလုံးစစ်ကောင်စီစခန်းကို DKBA ခွဲထွက် ဗိုလ်ချုပ်ကျော်သက်ဦးစီးတဲ့တပ်က သြဂုတ် ၁၈ ရက် နေ့လယ် ၂ နာရီကျော်လောက်က စတင်တိုက်ခိုက်နေတယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့ထံက သိရပါတယ်။
ဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ကြဖို့ စစ်ကောင်စီက ဖိတ်ခေါ်နေတဲ့အပေါ် လုံးဝ လက်မခံဖို့နဲ့ တာဝန်ထမ်းဆောင်သူတွေကို အရေးယူသွားမယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၀ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော်၊ ဘောလဲ၊ ဖားဆောင်း စတဲ့မြို့တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က သွားရောက်ပြီး မြို့နယ်စစ်ကောင်စီတာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံကာ လာမယ့်ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဝန်ထမ်းတွေအနေနဲ့ ပြန်လည်တာဝန် ထမ်းဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး လုံးဝလက်မခံကြဖို့နဲ့ စစ်ကောင်စီရဲ့ အခြေခံကျတဲ့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ တခြားယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိစေရေးလုပ်ဆောင်ကြဖို့ ကရင်နီပြည်အစိုးရက ဒေသခံပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။
ဒီညွှန်ကြားချက်အပေါ် လုံးဝ လက်ခံခြင်းမပြုကြဖို့နဲ့ လက်ခံမယ့်သူ ဘယ်သူမဆို စစ်ကောင်စီကို ထောက်ခံအားပေးသူအဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူးညေးရယ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဇန်နဝါရီ ၇ ရက်ကစလို့ လွိုင်ကော်မြို့ပေါ်နဲ့ တခြားမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက မြေပြင်ကနေရာ လေကြောင်းကနေပါတိုက်ခိုက်နေတာကြောင့် ဝန်ထမ်းတွေအပါအဝင် ပြည်သူလူထုတွေ စုစုပေါင်း ၁၇၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာ စစ်ဘေးရှောင်စခန်းတွေနဲ့ တခြားပြည်နယ်တွေဆီကို ထွက်ပြေးတိမ်းရှောင်နေရကြပါတယ်။
တချိန်တည်းမှာပဲ မြို့တော်လွိုင်ကော်အပါအဝင် ကရင်နီပြည်နယ်အတွင်း မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ ၇၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းသွားတာဖြစ်ပါတယ်။
ပြည်နယ်ရဲ့ ယန္တရားတွေ ယိုယွင်းပျက်စီးလာနေတဲ့တွက် စစ်ကောင်စီက သူတို့ရဲ့ လက်အောက်ခံ ဝန်ထမ်းတွေကို မူလတာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ စည်းရုံးခေါ်ယူနေရတာ ဖြစ်ပါတယ်။