close

ဝန်းသိုမြို့နယ်

close

March 1, 2023

ဝန်းသိုမြို့နယ်၌ ပ.လ.ဖ ခေါင်းဆောင်၏နေအိမ်ကို စစ်တပ်ကဝင်စီး၊ ၂ ဦးသေဆုံးပြီး လူငယ် ၂ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ကြိမ်ချောင်းရွာက ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) ခေါင်းဆောင်တယောက်ရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၂၆ ရက် မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပ.လ.ဖ ခေါင်းဆောင်တယောက်နဲ့ တပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့ကာ လူငယ်နှစ်ယောက် ဖမ်းဆီးခံရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ယောက်ရဲ့ လက်ရှိအခြေအနေကို ဘာမှမသိရသေးဘူးလို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

“ဖမ်းသွားကတည်းကနေ ဒီနေ့အထိ ဘာအခြေအနေမှ မသိရသေးဘူး။ သေလား ရှင်လားလည်း မသိရသေးဘူး။ ဝန်းသိုထဲကို ခေါ်သွားတာတော့ ဟုတ်တယ်။ ဝန်းသိုက ၁၁၁ တပ်ရင်းထဲကို ဖြစ်မယ်။ ကျန်တာတွေတော့ ဘာမှ မသိရသေးဘူး။”

ပ.လ.ဖ နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဝန်းသို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၄ တပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၂၆ ရက် မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်လည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

“ပ.လ.ဖ နေအိမ်ကို ဝင်စီးပြီး ပြန်လာတဲ့စစ်ကြောင်းနဲ့ ဒီ ဂျိုးတောင်တိုက်နယ် သဖန်းစိတ်ရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ (--) တွေဘက် ထိခိုက်ကျဆုံးများတယ်၊ ကိုယ့်ဘက်က ဒဏ်ရာရတာက သုံးယောက်၊ တယောက်ကတော့ ကျဆုံးသွားတယ်။”

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ယူနီဖောင်းတွေနဲ့ ကျည်ဆန်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ပ.လ.ဖနေအိမ် ဝင်ရောက်စီးနင်းခဲ့ပြီး ပစ်သတ်ခံရတာက ဒလန်ရဲ့ သတင်းပေးမှုကြောင့် ဖြစ်တယ်လို့ ဝန်းသို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

10 mins Ago

July 18, 2022

ဝန်းသိုမြို့နယ်၌ တပတ်အတွင်း ပြည်သူ ၅ ဦး နှင့် ပ.က.ဖ ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းက အင်အား ၁၀၀ ဝန်းကျင်နဲ့ ဇွန်လိုင် ၁၂ ရက်ကနေ ဇူလိုင် ၁၇ ရက်နေ့အတွင်း ဝန်းသိုမြို့နယ်ထဲက အရပ်သားပြည်သူ ၅ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ပြောပါတယ်။

“ဝန်းတိုနယ်မှာ ၁၁ ဦးရှိသွားပြီးဗျ၊ ဒီရက်ပိုင်းတွင်းမှာ အသတ်ခံရတာပေါ့။ ပ.က.ဖက ဒီဂျိုးတောင်ဖြစ်စဉ်မှာက ၂ ယောက်၊ ဒီပန်းညိုမှာက ၂ ယောက်၊ ကြိမ်ချောင်းမှာက ၂ ယောက်၊ စုစုပေါင်း ၆ ယောက်၊ ကျန်တဲ့ ငါးယောက်က ပြည်သူတွေပါ။” 

ပြည်သူတွေနဲ့ ပ.က.ဖ အဖွဲ့ဝင်တွေဟာ သတင်းပေးဒလန်တွေကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က “မနေ့က ကြိမ်ချောင်းမှာဆိုရင် ကျနော်တို့ ပ.က.ဖ အဖွဲ့ဝင် ၂ ယောက်နဲ့ ပြည်သူ ၁ ဦး ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်။ သူတို့တွေက ဒလန်ရဲ့ သတင်းပေးမှုကြောင့် ရွာကို ပြန်လှည့်ပြီး ပြန်လာဖမ်းတာ။ ဖမ်းပြီးမှ လက်တွေဖြတ်တယ်၊ ခြေထောက်တွေဖြတ်တယ်၊ မျက်လုံးတွေဖောက်တယ် ပြီးတော့ ခေါင်းကလည်း တခြမ်းခုတ်ခွဲလိုက်တယ်၊ အလောင်းကိုမြေမြှုပ်ထားတယ်၊ အလောင်းကိုပြန်ဖော်ကြည့်လိုက်တော့ အဲဒဏ်ရာတွေ တွေ့တယ်” လို့ ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့ပြည်သူ ၅ ဦးဟာ  အသက် ၃၀ နဲ့  ၅၀ ကြားအရွယ်တွေ ဖြစ်ပြီး လေကြီးကုန်း၊ ဝန်းတိုနဲ့ စစ်သတ်ဂုန်ကျေးရွာတွေက ပြည်သူတွေဖြစ်ပါတယ်။ 

ဝန်းသိုမြို့နယ်ထဲက ပြည်သူတွေနဲ့ ပ.က.ဖအဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မော်လိုက်ခြေစိုက် ခလရ ၃၆၄ က ဖြစ်ပြီး ဇူလိုင် ၁၇  ရက်နေ့မှာ ဝန်းတို့မြို့ထဲက ခမရ ၁၁၁ စခန်းကို ပြန်ဝင်သွာပြီးလို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက်နေ့တုန်းကလည်း  စစ်ကောင်စီတပ်သားတွေကို  မိုင်းဆွဲတိုက်ခိုက်ဖို့ သွားရောက်ပြင်ဆင်နေချိန် မိုင်းပေါက်ကွဲသွားတာကြောင့် ပကဖ ၂ ဦးကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

8 months Ago
Up