စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ဂျိုးတောင်တိုက်နယ်မှာရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားလို့ ထောင်နဲ့ချီတဲ့ ဒေသခံရွာသားတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
ဇူလိုင် ၁၂ ရက်က ဝန်းသိုဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ PDF တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသားတွေ လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ဝန်းသိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
“အဲဒီ ဂျိုးတောင်တိုက်နယ်ထဲက ရွာတွေ တော်တော်များများက စစ်ရှောင်နေရပြီး ဂျိုးတောင်တိုက်နယ်က အကုန်လုံးနီးပါး ရှောင်နေရပြီ။”
မိုးရာသီဖြစ်တာကြောင့် တိုက်ပွဲတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် ဆေးဝါးလိုအပ်မှုတွေလည်း အများကြီးရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“အဓိကကတော့ မိုးတွင်းဆိုတော့ ဆေးဝါးလိုအပ်ချက် အဓိကဖြစ်တယ်။ အဲဘက်က ငှက်ဖျားတွေ ဖြစ်တာများလာတယ်။ သွေးလွန်တုပ်ကွေးတွေကော ဖြစ်နေတယ်ဗျ။”
စစ်ရှောင်နေရတဲ့ ကျေးရွာတွေဟာ အင်းမရွာ၊ အလယ်ကျွန်းရွာ၊ တုန်းကျိပ်ရွာ၊ ညောင်အင်းရွာ၊ စကားနီရွာ၊ ပန်းညိုရွာ၊ အင်ပင်ရွာ၊ ရွာသာရွာ၊ ဂျိုးတောင်စျေးသစ်ရွာတို့ဖြစ်ပြီး ကျေးရွာတွေအားလုံးပေါင်းရင် လူဦးရေ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကောလင်းမြောင်ကြီးရွာမှာလည်း ဇူလိုင် ၁၃ ရက် မနက် ၄ နာရီလောက်ကနေ နေ့လယ်အထိ နယ်မြေခံ ပ.က.ဖ ဂုန်မာန်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက်က ဂျိုးတောင်တိုက်နယ် စစ်ခင်းဂုန် ပန်းညိုရွာမှာလည်း နယ်မြေခံပခကတွေနဲ့ ဝန်းသိုဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာဘက်ကို ဇွန် ၂၉ ရက်က အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကြောင်းက ကျောင်းကုန်းရွာကိုရောက်တယ်။ သူတို့ စစ်ကြောင်းလာရာလမ်းမှာ မန်ကျည်းပင်ရွာနဲ့ သစ်ပုံလွင်ရွာက ပြည်သူ ၁၀ ယောက်လောက်ရှိမယ်၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတယ်။ အဲ့ဒီထဲမှာ ကလေးတွေလည်းပါတယ်။ အခုထိ ပြန်လွှတ်မပေးသေးဘူး” လို့ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးရာလမ်းတလျှောက် ကျေးရွာတွေအတွင်း ဝင်ရောက်ကာ အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး နေအိမ်တွေအတွင်း ဝင်ရောက်မွှေနှောက်ရှာဖွေကာ ရွှေငွေနဲ့ တန်ဖိုးရှိပစ္စည်း ခိုးဝှက်ယူဆောင်သွားကြတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်က အင်းတော်မြို့နယ် မော်တိတ်ဒေသ မင်းကုန်းရွာကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ရွာခံတဦးက “ဘုန်းကြီးကျောင်းကိုလည်း ဖျက်ဆီးသွားတယ်။ တော်တော်လေး ပျက်စီးသွားတယ်။ အလှူခံပုံးတွေလည်း ရိုက်ခွဲပြီး ပိုက်ဆံတွေယူသွားတယ်။ ပစ္စည်းတွေလည်း အကုန်ရိုက်ခွဲသွားတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ဝန်းသို၊ ကသာ၊ အင်းတော်၊ ဗန်းမောက်မြို့နယ်တွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။