တရုတ်နိုင်ငံ ဝမ်တိန်မြို့က မြန်မာနိုင်ငံသားတွေ နေထိုင်တဲ့အခန်းတွေကို အောက်တိုဘာ ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ရဲတွေက ဝင်ရောက်စစ်ဆေးပြီး ၁ ဦးမှာ ပိုးတွေ့တာကြောင့် လူ ၅ ဦးအား ဖမ်းဆီးပြီး ခိုးပေါက်ကနေ ရိုက်နှက်ပြန်ပို့လိုက်တယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။
အပေါ်ထပ်၊ အောက်ထပ်၊ ဆိုင်ကယ်တွေရော၊ ခွေးရော၊ ကြောင်ရော ပိုးရှိ၊ မရှိ သက်ဆိုင်ရာက လာစစ်ဆေးခဲ့ကြောင်း၊ ဒီနောက် ပိုးတွေ့တယ်မပြောဘဲ အခန်းထဲ stay at home နေထိုင်ဖို့ ပြောခဲ့ပြီးနောက် မိုးချုပ်ခါနီးမှ ရဲတပ်ဖွဲ့က ကားနဲ့ လာခေါ်သွားတာလို့ ကာယကံရှင်တဦးက ပြောပါတယ်။
“ကျနော်တို့ထဲ တယောက်က ပိုးတွေ့တာ သူတို့က လာမပြောပြဘူး။ Q လည်း မဝင်ခိုင်းဘူး။ မကုပေးဘဲနဲ့ positive ဖြစ်တဲ့သူကိုရော ကားပေါ်တက်ခိုင်းပြီး တခါတည်း ဝမ်တိန်အထွက် ပန်ဆိုင်းဘက်က ချောင်းနားခိုးပေါက်ကို ပို့လိုက်တာ။"
ဖမ်းဆီးခံရသူတွေကတော့ အမျိုးသား ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ယောက်တို့ဖြစ်ပြီး ဝိမ်တိန်-ရွှေလီ-ကျယ်ဂေါင်-မင်္ဂလာ မူဆယ်က ခိုးပေါက်ကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ခိုးပေါက်ရောက်တဲ့အချိန် ရေကြီးနေတာကြောင့် ကားပေါ်က မဆင်းဘဲနေရာမှာ ရဲတွေက အမျိုးသား ၂ ယောက်ကို ရိုက်လိုက်ခဲ့တယ်လို့ ကာယကံရှင်က ပြောပါတယ်။
"ကျနော့်ကို ရိုက်တဲ့ရဲက ဝမ်တိန်-ကျင်းစန်းကျော့ ခိုးပေါက်နား စောင့်တဲ့ရဲလေ။ သူတို့ ၆ ယောက်လောက် ၅ ပေလောက်ရှိတဲ့ တုတ်ချောင်းကိုင်ထားပြီး ဆင်းခိုင်းတယ်။ ဆင်းတာနဲ့ ကျနော့်ကို ရိုက်တာ။"
ကိုယ်ဝန်ဆောင် အမျိုးသမီးက ရေကြီးတာကြောင့် ဖြတ်လို့မရကြောင်း ဒူးထောက်၊ ငိုယို တောင်းပန်ပေမယ့် နယ်ခြားစည်းရိုးခတ်ထားတဲ့နေရာကို အကုန်လုံးတွန်းပို့ပြီး သော့ခတ်လိုက်တာကြောင့် လူတစ်ယောက်စာ သွားလို့ရတဲ့နေရာမှာ ၁ နာရီလောက်ကြာ ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ ပိတ်မိခဲ့တယ်လို့ ဆိုပါတယ်။
"ရေကြီးလို့ မြန်မာဘက်ကူးလို့ မရဘူး။ တရုတ်ဘက်ရှိတဲ့ အသိတွေကို ပြန်အကူအညီတောင်းလိုက်တော့ သူတို့အပေါက် ပြန်ဖွင့်ပေးလာတယ်။ ဝမ်တိန်ကနေ ရွှေလီ၊ ရွှေလီကနေ ကျယ်ဂေါင်ဘက်ကနေ မင်္ဂလာမူဆယ်ဘက်က ခိုးပေါက်သေးသေးနား ၁ နာရီကျော်လောက် စောင့်ပြီး ထွက်ခိုင်းတယ်။ မနက် ၁ နာရီခွဲလောက် မူဆယ်ရောက်တယ်။ မိုးလင်းမှ အလယ်ပေါက်ကနေ ထွက်မယ်ဆိုလည်း မရဘူး။ ညချင်းပဲ မူဆယ်ဘက်ကို ပို့လိုက်တယ်။ ကျနော်တို့က တရားဝင် ဝင်လာတာ။ နေထိုင်ခွင့် အထောက်အထား အကုန်ရှိတာကို အတင်းမောင်းထုတ်ခံရတယ်။ ဘာမှလည်း မရှင်းပြဘူး။ သက်တမ်းလည်း မကုန်သေးဘူး။ အဲမှာနေလာတာ ၂ နှစ်ရှိပြီ။"
ဒါ့အပြင် တရုတ်ရဲတွေက အခုလို ခိုးပေါက်က ပြန်ပို့တာနဲ့ ရိုက်နှက်ခဲ့တယ်ဆိုတဲ့အကြောင်း ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး နမ့်ခမ်းနယ်စပ် တရုတ်ဘက်ခြမ်း လုံတောက်ဘက်မှာ နေထိုင် အလုပ်လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို နေထိုင်ခွင့် သက်တမ်းမကုန်သေးလည်း ဖိအားပေး ပို့ဆောင်ခံနေရတယ်လို့ သိရပါတယ်။
မန်စီဘက်က မြန်မာလုပ်သား အချို့ကိုလည်း ကတ်လုပ်ထားတဲ့တိုက်မှာ မနေဘဲ တိုက်ပြောင်းနေထိုင်တဲ့ အကြောင်းပြချက်နဲ့ အပြစ်တွေရှာကြံပြီး ခိုးပေါက်ကနေ အတင်းအကျပ် ပို့ဆောင်ခံနေရတာကြောင့် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံးရတဲ့အပြင် လမ်းခရီး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
ကိုဗစ်ရောဂါ အကြောင်းပြချက်နဲ့ မြန်မာနဲ့ တရုတ်နယ်စပ် ဂိတ်ပေါက်တွေအားလုံးကို ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားတာဖြစ်ပါတယ်။
ကိုဗစ်တတိယလှိုင်း ဖြစ်ချိန်ကစ တရုတ်နယ်စပ်ရောက် မြန်မာနိုင်ငံသားတွေကို တရားဝင် ဂိတ်ပေါက်ဖြစ်တဲ့ နန်းတော်ပေါက်ကနေ လွှဲပြောင်းပို့ဆောင်ပေးသူ ၁ သောင်းကျော်ပြီဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ခိုးပေါက်ကနေ ပို့ဆောင်နေတာလည်း အများအပြား ရှိတယ်လို့ သိရပါတယ်။
တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့နယ် ဝမ်တိန်မြို့ကို ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး Lockdown ဖြေလျှော့ကာ Stay at Home အဖြစ် သတ်မှတ်လိုက်တယ်လို့ ဝမ်တိန် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကွယ်တားဆီးရေးဌာနက အသိပေးကြေညာလိုက်ပါတယ်။
ဝမ်တိန် ရန်ကွမ်းရွှေ့အန်း ဧရိယာနဲ့ ၇.၀၈ မှာ ကွာရန်တင်းဝင်နေတဲ့ သူတွေ Stay at Home အဖြစ် ဆက်လက်နေထိုင်ရမယ်လို့ ဖော်ပြထားပါတယ်။
Stay at Home ကာလအတွင်း မည်သူမှ ဝမ်တိန်မြို့မှ ထွက်ခွာခွင့်မပြုကြောင်း၊ အရေးပေါ်ကိစ္စကြောင့် ထွက်ရမယ်ဆိုပါက ၄၈ နာရီ အတွင်း စစ်ဆေးထားတဲ့ ပိုးကင်းစင်ကြောင်း လက်မှတ်၊ မှတ်ပုံတင်၊ စာရွက်စာတမ်း မိတ္တူတွေနဲ့ ကိုယ်သွားမယ့်နေရာစတဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ သက်ဆိုင်ရာကို တင်ပြရမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာနက စိစစ်အတည်ပြုချက်ရမှ ထွက်ခွာခွင့်ပြုမယ်လို့ ပါရှိပါတယ်။
ဝမ်တိန်ကို ဝင်ရောက်မယ့်သူတွေလည်း အလားတူအထောက်အထားတွေ ပြရမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင်၊ အိမ်ပိုင်အထောက်အထား၊ အိမ်ထောင်စု စာရင်း၊ အိမ်ငှားဖြစ်ပါက အငှားစာချုပ် စတဲ့ အထောက်အထား တစ်မျိုးမျိုးနဲ့ ၇၂ နာရီအတွင်း ပိုး စစ်ထားတဲ့ ပိုးကင်းစင်ကြောင်း ဆေးလက်မှတ်၊ သွားရောက်ရတဲ့အကြောင်းအရင်း တင်ပြရမှာပါ။
ဝမ်တိန်ဒေသမှ ရွှေလီမြို့နယ်နဲ့ အခြား မြို့တွေကို ကုန်မျိုးစုံ တင်ပို့၊ တင်သွင်းမယ်ဆိုရင် ဟိုင်းဝေးလမ်းမကြီး ဖြစ်တဲ့ ဟယ့်ရှန်း ဂိတ်ကနေသာ ယာဉ် အစားထိုးမောင်းနှင် စနစ်နဲ့ ဝင်၊ ထွက်ဖို့၊ ကိုဗစ် ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပစ္စည်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီ တင်သွင်းဖို့ ပါရှိပါတယ်။
ဒါ့အပြင် ဝမ်တိန်မှာ လက်ရှိ နေထိုင်သူတွေအပါအဝင် ပြင်ပမှ ရောက်ရှိလာသူအားလုံး ဧည့်စာရင်းတိုင်ရမှာဖြစ်ပြီး ဧည့်စာရင်းမတိုင်ထားတဲ့သူဆီမှာ ပိုးတွေ့ပြီး ကူးစက်စေပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
ဆေးဆိုင်တွေမှာ အဖျားကျဆေး၊ အပူကျဆေး၊ ပိုးသတ်ဆေးလိုမျိုး၊ ချောင်းဆိုးပျောက်ဆေးနဲ့ ပတ်သက်တဲ့ ဆေးမျိုး လုံးဝ ရောင်းချခွင့်မပြုကြောင်း၊ ကိုဗ်စ-၁၉ ရောဂါလက္ခဏာ ဖြစ်လာပါက သက်ဆိုင်ရာကို သတင်းပို့ပြီး ဆေးစစ်ရမယ်လို့ ဆိုပါတယ်။
ဝမ်တိန်ကို ဇူလိုင်လ ၈ ရက်ညက လော့ဒေါင်းချခဲ့တာဖြစ်ပြီး ကျင်းစန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကိုတော့ ဇူလိုင်လ ၈ ရက်နေ့ နေ့လည်ခန့်က ကပ်ရောဂါ အခြေအနေကြောင့် တရုတ်ကဘက်က ရက်အကန့်အသတ် မရှိပိတ်ထားခဲ့ပေမယ့် ဇူလိုင်လ ၂၃ ရက်ကစ ဝမ်တိန်ဘက်က ကုန်တင်ပြီး၊ အခွန်ဆောင်ပြီး မြန်မာကုန်တင်ကားတွေကို တစ်ပတ် သုံးကြိမ်၊ တစ်ကြိမ်ကို အစီး ၂၀ ဝန်းကျင် ထွက်ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။
တရုတ် သတင်းတွေအရ ဇူလိုင်လ ၂၉ ည ၂၄ နာရီထိ ရွှေလီ၊ ဂျယ်ဂေါင် အပါအဝင် ထပ်တိုးလူနာမရှိကြောင်း၊ လက်ရှိ ယူနန်ပြည်နယ်အတွင်း ကုသမှုခံယူနေတဲ့ ပိုးတွေ့ လူနာ ၃၆၆ ဦးရှိပြီး ပြည်တွင်း ကူးစက်မှု ၆၃ ဦး၊ ပြည်ပ ကူးစက်မှု ၃၀၃ ဦး ရှိကာ သေဆုံးသူ မရှိကြောင်း သိရပါတယ်။
Pra Jaw