close

ဝမ်ယိ

close

March 28, 2023

တရုတ်ထိပ်တန်းသံတမန် ဝမ်ယိနှင့် အာဆီယံအတွင်းရေးမှူးချုပ် ပေကျင်းတွင် တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိဟာ မတ်လ ၂၇ ရက်က ပေကျင်းမြို့မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အတွင်းရေးမှူးချုပ် ခါအိုခင်မ်ဟွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်က အာဆီယံရဲ့ အကြီးဆုံး အိမ်နီးချင်းအနေနဲ့ တရုတ်နိုင်ငံဟာ အာဆီယံကို စိတ်ရင်းမှန်နဲ့ ကိုယ်ကျိုးမဖက်ဘဲ အမြဲတမ်း ထောက်ခံအားပေးခဲ့ကြောင်း၊ အခြေအနေသစ်အရ အာဆီယံရဲ့ ပေါင်းစည်းမှုနဲ့ အသိုက်အဝန်း တည်ဆောက်မှုကို တရုတ်နိုင်ငံက အခိုင်အမာ ဆက်ပြီး ပံ့ပိုးသွားမှာဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်မှုကို ပံ့ပိုးကူညီသွားမှာဖြစ်သလို အာဆီယံဗဟိုပြု ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဗိသုကာကို ထိန်းသိမ်းရာမှာလည်း ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ဝမ်ယိက ပြောပါတယ်။

တရုတ်နဲ့ အာဆီယံရှိ လူ ၂ ဘီလီယံကျော်အတွက် ခေတ်မီအောင် လုပ်ဆောင်ရာမှာ ကောင်းတဲ့ရည်ရွယ်ချက်အတွက် နှစ်ဦးနှစ်ဖက် လက်တွဲသင့်ကြောင်းလည်း သူကဆိုပါတယ်။

နှစ်ဖက်စလုံးဟာ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းနဲ့ အင်ဒို-ပစိဖတ်ဆိုင်ရာ အာဆီယံ အမြင်အကြား ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသင့်ကြောင်းလည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ပုံဖော်ထားတဲ့ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပတ်ဝန်းကျင်ကို စွဲမြဲလက်ကိုင်ထားဖို့၊ စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ဖို့နဲ့ အဓိကနိုင်ငံတွေအကြား ပဋိပက္ခတွေကို တွန်းလှန်ဖို့ ကြိုးပမ်းမှု သို့မဟုတ် စခန်းအခြေစိုက် ထိပ်တိုက်တွေ့မှုတွေကို ဆန့်ကျင်ဖို့လည်း ဝမ်ယိက တောင်းဆိုခဲ့ပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ်ကလည်း တရုတ်နိုင်ငံဟာ အာဆီယံရဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်သလို ယုံကြည်စိတ်ချရတဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဘက်နိုင်ငံဖြစ်ကြောင်းနဲ့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုဟာ လေးနက်တဲ့ အခြေခံအုတ်မြစ်၊ ကျယ်ပြန့်တဲ့ နယ်ပယ်တွေရဲ့ အသီးအပွင့်ရလဒ်တွေကို ခံစားရကြောင်း ပြောကြားသွားပါတယ်။

3 mins Ago

February 24, 2023

တရုတ်ထိပ်တန်းသံတမန် ဝမ်ယိနှင့် သမ္မတပူတင် မော်စကိုတွင် တွေ့ဆုံ

မော်စကိုမြို့မှာ အလည်အပတ်ရောက်နေတဲ့ တရုတ်ထိပ်တန်းသံတမန် ဝမ်ယိဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလ် လာ့ဗ်ရော့ဗ်နဲ့ အစည်းအဝေးအပြီးမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံခဲ့ပါတယ်။

တရုတ်နဲ့ရုရှား နှစ်နိုင်ငံကြား ဆက်ဆံရေးကို တခြားတိုင်းပြည်တွေက မလွှမ်းမိုးနိုင်ဘူးလို့ တရုတ်ထိပ်တန်းသံတမန်ဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဝမ်ယိက ရုရှားအစိုးရရုပ်သံက ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

ဝမ်ယိဟာ ခရီးစဉ်အတွင်း သဘောတူညီချက်အသစ်တွေကို ပြီးပြတ်အောင်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ လာ့ဗ်ရော့ဗ်ကို စကားပြန်ကနေတဆင့် ပြောပေမဲ့ ဘယ်သဘောတူညီချက်တွေကို အပြီးသတ်လုပ်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မပြောခဲ့ပါဘူး။

“နှစ်နိုင်ငံကြားက အားလုံးပါဝင်တဲ့ ဗျူဟာမြောက် မိတ်ဘက်ဖြစ်မှုဟာ တတိယအုပ်စုကို ဘယ်တော့မှ မရည်ရွယ်ထားဘူး။ ဘယ်တတိယအုပ်စုရဲ့ ဝင်ရောက်စွက်ဖက် ကျူးကျော် ရန်စတာကို ခံမှာမဟုတ်ဘူး ဆိုတာလည်း သေချာပါတယ်” လို့ ဝမ်ယိက ပြောပါတယ်။

ပူတင်ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် မော်စကိုမြို့တော်ဆီ လာလည်ဖို့နဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး နက်ရှိုင်းစေဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“နှစ်နိုင်ငံကုန်သွယ်မှုဟာ မျှော်လင့်ထားတာထက် ပိုကောင်းခဲ့ပြီး မကြာမီ တနှစ်ကို ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရောက်နိုင်တယ်။ ၂၀၂၂ ခုနှစ်မှာ ကန်ဒေါ်လာ ၁၈၅ ဘီလီယံအထိ မြင့်တက်လာနိုင်တယ်” လို့ ပူတင်က ဝမ်ယိကို ပြောခဲ့ပါတယ်။

ဝမ်ယိဟာ ရုရှားလုံခြုံရေး အကြီးအကဲနဲ့လည်း ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ဆုံခဲ့ပါသေးတယ်။

စစ်အေးခေတ်စိတ်ဓာတ်ကို ပြန်မိတ်ဆက်တာ ဆန့်ကျင်ပြီး အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေးကို ပြတ်ပြတ်သားသား အတည်ပြု ထိန်းသိမ်းသင့်တယ်လို့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြပါတယ်။

ဝမ်ဟာ တရုတ်-ရုရှား ဗျူဟာမြောက် လုံခြုံရေးတိုင်ပင်ဆွေးနွေးရေး လုပ်ငန်းစဉ် အကြီးအကဲတွေနဲ့ ရုရှားလုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူး နီကိုလိုင်ပါထရူးရှက်ဗ် တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ယူကရိန်းအခြေအနေအပေါ် အမြင်တွေကို ဝမ်နဲ့ နီကိုလိုင်တို့ ဖလှယ်ခဲ့ကြတယ်လို့ ​ပြောပေမဲ့ အကျယ်တဝင့် မပြောပါဘူး။

နှစ်ဖက်စလုံးက “စစ်မှန်တဲ့ နိုင်ငံစုံဝါဒကို ပူးတွဲကျင့်သုံးဖို့ ဆန္ဒရှိပြီး တဖက်သတ် အနိုင်ကျင့်မှု ပုံစံအားလုံးကို ဆန့်ကျင်ဖို့၊ နိုင်ငံတကာဆက်ဆံရေးရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ကမ္ဘာကြီးရဲ့ အသွင်ကွဲပြားမှုကို မြှင့်တင်ရေး” ကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။

ရုရှားနိုင်ငံဆီကို တရုတ်က လက်နက်တွေ ထောက်ပံ့ပေးတာဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့ တရုတ်က တဖက်၊ ယူကရိန်းနဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်ဘက်မဟာမိတ်အဖွဲ့တို့ တဖက် ထိပ်တိုက်တွေ့မယ့်အန္တရာယ် ဖြစ်လာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံရဲ့ ရေနံအများဆုံး ဝယ်ယူသူဖြစ်ပြီး ရုရှားရဲ့ နိုင်ငံတော်ဘဏ္ဍာ အတွက် အဓိကဝင်ငွေတွေထဲက တခုဖြစ်ပါတယ်။

တရုတ်နိုင်ငံက ရုရှားအတွက် လက်နက်တွေ ပို့ဆောင်ပေးမယ်ဆိုတဲ့ အမေရိကန်က ထုတ်ပြန်ဖို့ အလားအလာရှိနေတဲ့ ထောက်လှမ်းရေးသတင်းတွေဟာ ထင်ကြေးသက်သက်သာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောပါတယ်။

“အမေရိကန်ဘက်က ထောက်လှမ်းရေးသတင်းလို့ ဆိုတာတွေဟာ ထင်ကြေးသက်သက်သာ ဖြစ်ပြီး တရုတ်ကိုပုံဖျက်ဖို့ စွပ်စွဲချက်ထက် မပိုပါဘူး” လို့ ဝမ်ဝင်ဘင်က ပုံမှန် သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားတာပါ။

ရုရှားအတွက် လက်နက်တွေထောက်ပံ့ပေးဖို့ တရုတ်က ချင့်ချိန်နေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းကို ထုတ်ပြန်ဖို့ အမေရိကန်အစိုးရအနေနဲ့ စဉ်းစားနေတယ်လို့ ဝေါလ်စထိရိ(တ်) ဂျာနယ်က အစောပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။

တရုတ်နဲ့ ရုရှားကြားမှာ ကုန်သွယ်ရေးနဲ့ ပူပေါင်းဆောင်ရွက်မှုဆိုင်ရာ သာမန်ဆက်ဆံရေးကိုသာ ထိန်းသိမ်းထားတာဖြစ်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို မြှင့်တင်နိုင်ဖို့ အဆင့်အသီးအသီးမှာ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။ ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေဖို့သာ ကူညီဖြည့်ဆည်းပေးသွားမှာပါ” လို့ သူက ဆက်ပြောပါတယ်။

တရုတ်နဲ့ ရုရှားကြား မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာတဲ့အပေါ်မှာ အမေရိကန်နိုင်ငံက စိုးရိမ်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါဟာ ပူတင်က ဘေဂျင်းနဲ့ဆက်ဆံရေးဟာ “နယ်ပယ်ကဏ္ဍအသစ်တွေ” ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင် အနေနဲ့လည်း ရုရှားကို လာရောက်မယ့်အပေါ် အရိပ်အမြွက်ပြခဲ့ပြီး နောက်ပိုင်းမှာမှ အမေရိကန်က အခုလို မှတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

1 month Ago
Up