စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်မှာ သောက်သုံးရေမသန့်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သန်ရောဂါ ဖြစ်ပွားနေတဲ့အတွက် သံချဆေး တိုက်ကျွေးနေရတယ်လို့ ဒီမိုကရက်တစ်လူငယ်ကောင်စီရဲ့ ပုလဲမြို့နယ်တာဝန်ခံ ကိုမင်းတော်ဝင်က ပြောပါတယ်။
CDM ပြုလုပ်ထားတဲ့ ဆေးမှူး သူနာပြုဆရာမ ၂ ဦးနဲ့အတူ ကျေးရွာပေါင်း ၇ ရွာက အသက် ၁၀ လကနေ ၁၆ နှစ်ထိ ကလေးပေါင်း ၁,၃၆၈ ယောက်ကို မတ်လ ၆ ရက်မှာ ပထမအကြိမ်၊ မတ်လ ၁၃ ရက်မှာ ဒုတိယအကြိမ်၊ မတ်လ ၁၄ ရက်မှာ တတိယအကြိမ် သန်ချဆေး တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းထိုးလာရင် ပြေးနေလွှားနေရတော့ ကလေးတွေက တွေ့ရာရေသောက်၊ ကြုံရာစားဆိုတော့ သန်တွေထိုးပြီး ဗိုက်ပူနံကားတွေ ဖြစ်နေကြတယ်။ ဝမ်းတွေလည်း ပျက်နေကြတယ်” လို့ ဆေးမှူးက ပြောပါတယ်။
ရာသီဥတု ပူပြင်းလာတဲ့အတွက် ကလေးတွေကနေ ရဲဘော်တွေ၊ မိဘတွေကိုလည်း ဝမ်းရောဂါ ကူးလာတဲ့အတွက် ဓာတ်ဆားထုပ်တွေကို ခက်ခက်ခဲခဲ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ် NUG လက်အောက်ခံ ကြားကာလပညာရေးကျောင်းက တာဝန်ခံ ကျောင်းအုပ်ဆရာတဦးက “ဝမ်းရောဂါဆိုတော့ ကူးတာက တအားမြန်နေတယ်။ ဓာတ်ဆားအထုပ် ၅၀ ရဖို့တောင် ကျနော်တို့ မနည်းဝယ်နေရတယ်။ ဆေးဆိုတာနဲ့ အသိမ်းခံရတယ်။ သန်ချဆေးတွေအတွက် နွေဦးနတ်ကွန်းဆိုတဲ့အဖွဲ့ကို အကူအညီတောင်းလိုက်တာ ကလေး ၂,၀၀၀ စာ ရောက်လာတယ်။ ကျန်တဲ့ကလေးတွေကိုလည်း ဆက်တိုက်သွားမှာပါ” လို့ ပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့လည်း ဆေးရုံ၊ ဆေးခန်း သွားမယ့်လမ်းတွေမှာ စစ်ကောင်စီဂိတ်တွေ ရှိနေတဲ့အတွက် စစ်ရှောင်အမျိုးသမီး အချင်းချင်း ကလေးမီးဖွားပေးရတာမျိုးလည်း ရှိနေတယ်လို့ စစ်ရှောင်ဒေသခံတွေဆီက သိရပါတယ်။
ရှမ်း-ကယားနယ်စပ်က ကရင်နီစစ်ဘေးရှောင်တိုင်းရင်းသားတွေဟာ တိုက်ပွဲတွေလွတ် ဘေးကင်းရာနေရာကို ထွက်ပြေးနေရတဲ့အပြင် နွေရာသီသောက်သုံးရေရှားပါးမှုကြောင့် မသန့်ရှင်းတဲ့ရေသောက်မိပြီး ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် အရေပြား ယားယံတဲ့ရောဂါနဲ့ တခြားရောဂါတွေပါ ဖြစ်ပွားနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။
ဖယ်ခုံမြို့နယ် နောက်ခြမ်း စစ်ရှောင်ကူညီသူတဦးက “တချို့က ရေမလောက်၊ ရေမသန့်တော့ ကလေးတွေ ဝမ်းရောဂါဖြစ်တယ်။ ကလေးတွေအများကြီးဖြစ်ကြတယ်။ ယားယံမှုတွေ တအားဖြစ်တယ်။ ဆေးရုံတွေ ဆေးပေးခန်းတွေ မလောက်ဘူးပေါ့နော်။ အစထိပ်ဆုံးက အာဟာရတွေ မပြည့်ဝတော့ ခဏခဏဖျားတာပေါ့။ ကိုယ်ခံအားမရှိဘူးပေါ့။ ကိုယ်ခံအား မရှိတော့ ရေပါထပ်ရှားတော့ ရေကမသန့်၊ ရေမသန့်တော့ ဝမ်းရောဂါဖြစ်၊ အဲလို တပူပေါ် နှစ်ပူဆင့်ပေါ့”လို့ ပြောပါတယ်။
အလားတူ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ဒေသက တောတောင်ထဲ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေလည်း ရာသီဥတုဒဏ်အလူးအလဲခံနေရပြီး နှာစေး ချောင်းဆိုး၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ အကုန်လုံး ဖြစ်ပွားနေ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကရင်နီဒေသမှာ စစ်ကောင်စီတပ်တွေရဲ့ ဖြတ်လေးဖြတ် ဗျူဟာကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံထားရပြီး ဆန်ဈေးတွေအပါအဝင် စားသောက်ကုန်တွေ ရှားပါးပြတ်လပ် ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစပြီး ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားလို့ ဒေသခံ ၅,၀၀၀ ဝန်းကျင်ဟာလည်း အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။