close

ဝမ်းလျောဝမ်းပျက်ရောဂါ

close

September 18, 2022

လုံရှာယန်ရွာတွင် ရာသီတုပ်ကွေးနှင့် ဝမ်းလျောဝမ်းပျက်ရောဂါ ဖြစ်နေပြီး ဆေးဝါးအကူလိုအပ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာမှာ ကလေးငယ်တွေနဲ့ လူကြီးအချို့ ရာသီတုပ်ကွေးနဲ့ ဝမ်းလျောဝမ်းပျက်ရောဂါ ဖြစ်ပွားနေပြီး  ဆေးဝါးကုသမှုအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ကလေးငယ် အများစုနဲ့ လူကြီးအချို့ ရာသီတုပ်ကွေး နဲ့ ဝမ်းလျောဝမ်းပျက်ရောဂါ ဖြစ်နေကြပေမဲ့ ဆေးရုံ ဆေးခန်းတွေမှာ ဆေးကုသမှု မခံယူရဘဲ ဆေးမြီးတိုတွေနဲ့သာ ကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တုပ်ကွေးပုံစံမျိုးနဲ့ ဖျားနေတာက ကြာပြီ၊ သြဂုတ် လလောက်ကတည်းက စဖြစ်တာ။ ကလေး အများစု နဲ့ လူကြီးအချို့မှာ အဲ့လိုရောဂါတွေဖြစ်နေတာ။ အချို့ဆို ဝမ်းပျက် ဝမ်းလျော အဆစ်အမြစ်ကိုက်ပြီး လမ်းမလျောက်နိုင်တဲ့ပုံစံမျိုးဖြစ်သွားတယ်။ ဆေးခန်းမရှိတော့ ဆေးမြှီးတိုနဲ့ပဲ ကုသနေရတယ်" လို့ ဒေသခံ အမျိုးသားဦးက ပြောပါတယ်။

လုံရှာယာန်ကျေးရွာမှာ ဆေးရုံ ဆေးခန်း မရှိတဲ့အတွက်  တုပ်ကွေးရောဂါဝေဒနာ ခံစားနေရသူ အများစုဟာ ဆေးမြှီးတို၊ တိုင်းရင်းဆေးတွေနဲ့သာ ကုသနေရတာပါ။

"ကျေးရွာက ဖျားနာသူတွေ  မြို့ပေါ်နဲ့ဝေးတော့ ဆေးရုံဆေးခန်း မသွားနိုင်ဘူး။ ကျေးလက် ကျန်းမာရေးဆေးခန်း ရှိပေမယ့်လည်း စမ်းသပ်ကုသပေးမယ့်သူ (ဝန်ထမ်း)မရှိဘူး။ အဲ့ဒီတော့ တိုင်းရင်းဆေး (ဆေးမြစ်စုံ) ဆေးမြှီးတို စတာတွေနဲ့ ကုနေရတယ်။ အချို့လည်း ရောဂါ ပျောက်သွားတဲ့သူရှိသလို အချို့လည်း မပျောက်ဘူး" လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

တုပ်ကွေးရောဂါ ဖြစ်ပွားသူများပြားလာပြီး ဆေးဝါးမပြည့်စုံတဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး စောင့်ရှောက်ပေးဖို့ အဖွဲ့အစည်းတွေရဲ့ အကူအညီလို အပ်နေတယ်လို့လည်း ဆိုပါတယ်။

လုံရှာယာန်ကျေးရွာဟာ ပူတာအိုမြို့နဲ့ ၂၁ မိုင်ကျော် ဝေးကွာကာ ပြီးခဲ့တဲ့ ဖေဖာ်ဝါရီလက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ တောတောင်တွေထဲ ရှောင်တိမ်းနေကြရပြီး ဧပြီလလောက်မှ ကျေးရွာကို ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြရတာပါ။

1 min Ago
Up