မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းမှာ ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးတွေကို မတန်တဆပေးပြီးခေါ်ယူမူ အများဆုံးလုပ်ဆောင်ခဲ့ပါတယ်။
CIES လို့ခေါ်တဲ့ ဘောလုံးသုတေသန အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ ကစားသမားတွေကို ရှိသင့်ရှိထိုက်တဲ့ ပြောင်းရွှေ့ကြေးထက်ပိုပေးပြီး ခေါ်ယူမှုတွေမှာ မန်ယူအသင်းက ၃၃ ဦးအထိ ရှိခဲ့ပါတယ်။
အဲဒီကစားသမား ၃၃ ဦးအတွက် ရှိသင့်ရှိ ထိုက်တဲ့ပြောင်းရွှေ့ကြေးစုစုပေါင်းဟာ ပေါင် ၁ ဒသမ ၂ ဘီလီယံသာရှိပြီး အမှန်တကယ်ပေးချေခဲ့ရတာက ပေါင် ၁ ဒသမ ၄ ဘီလီယံရှိခဲ့တာပါ။
ဒါကြောင့် မန်ယူအသင်းက ပေါင်သန်း ၂၁၀ လောက် လိုအပ်တဲ့ပမာဏထက် ပိုမိုပေးချေ ခေါ်ယူခဲ့ရပြီး ဆယ်စုနှစ်အတွင်းမှာ အများဆုံးပမာဏဖြစ်ခဲ့တာပါ။
မန်ယူအသင်းက ပြောင်းရွှေ့ကြေးပိုပေးပြီးခေါ်ယူခဲ့ရတဲ့ ကစားသမားတွေစာရင်းမှာ ပေါင်သန်း ၈၀ ကျော်တွေနဲ့ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာ၊ အန်တိုနီနဲ့ မက်ဂွဲယားတို့လို ကစားသမားတွေပါဝင်ပါတယ်။
ဒါ့အပြင် ဂျေဒန်ဆန်ချို၊ လူကာကူ၊ ဒီမာရီယာ၊ ကတ်စမီရို၊ ဖာနန်ဒက်စ်၊ မာစီယယ်၊ ဖရက်ဒ်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့လည်း ပါဝင်ပါတယ်။
မန်ယူအသင်းပြီးရင် ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ အက်စတန်ဗီလာ၊ ရီးယဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ အာ ဆင်နယ်၊ ရန်းနက်စ်၊ အဲဗာတန်နဲ့ ဒေါ့မွန်အသင်းတွေက အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။