close

ဝယ်လိုအားကောင်း

close

June 13, 2022

စျေးကွက်ဝယ်လိုအားကောင်းသဖြင့် ဆန်၊ စပါးစျေး ထပ်မံမြင့်တက်လာ

ရန်ကုန်အပါအဝင် နယ်ဒေသတွေမှာ တောင်သူလက်ဝယ် စပါးလက်ကျန်လျော့နည်းလာချိန် စျေးကွက်ဝယ်လိုအား မြင့်တက်နေတာကြောင့်  ဆန်၊ စပါး စျေးနှုန်းတွေ ထပ်မံမြင့်တက်လာပါတယ်။

လတ်တလော ပြည်တွင်း၊ ပြည်ပ ဝယ်လိုအား မြင့်တက်နေတာကြောင့် ရန်ကုန် အပါအဝင် နယ်ဒေသတွေမှာ ဆန်လိုအပ်ချက် များလာပြီး အခုလို ဆန်နဲ့စပါးစျေးနှုန်းတွေ အမြင့်ဘက်ကို ထပ်မံဦးတည်လာတာပါ။

စက်ပိုင်နဲ့ ကုန်သည်တွေက စပါးရရှိအောင် စျေးပေးဝယ်ယူတာတွေ ရှိနေတယ်လို့ သိရပြီး အထူးသဖြင့် ဆန်ကြမ်းစပါးစျေး ပိုမို စျေးမာနေတာ ဖြစ်ပါတယ်။

“ဆန်ကြမ်းစပါးရှားပြီး ဝယ်လိုအားများနေတော့ စျေးတွေတက်နေတာ” လို့ ဆန်ကုန်သည်တဦးက မှတ်ချက်ပြုပါတယ်။

နိုင်ငံတကာစျေးကွက်မှာ ဆန်၀ယ်လိုအားနဲ့ စျေးမြင့်တက်‎နေချိန် ပြည်တွင်းမှာလည်း စပါးအထွက်နှုန်း လျော့ကျနိုင်တဲ့ အခြေအနေ၊ အဆမတန် မြင့်တက်နေတဲ့ စိုက်ပျိုးစရိတ်၊ အရင်းနှီးတွေကြောင့် ဆန်စျေး၊ စပါးစျေး စျေးအမြင့်မှာပဲ ရှိနေခဲ့တာပါ။

ဒါ့အပြင် လျှပ်စစ်မီး ပုံမှန်မရလို့  ဆန်စက်တွေကို လောင်စာဆီအသုံးပြုပြီး လည်ပတ်နေရတာကလည်း  ပြည်တွင်းဆန်စျေးကို မြင့်တက်လာစေပါတယ်။

ဧရာကုန်သွယ်မှုဗဟိုဌာနက ထုတ်ပြန်တဲ့ စျေးနှုန်းစာရင်းအရ ဧရာဝတီတိုင်း စျေးကွက်မှာ ပေါ်ဆန်းစပါးစျေးနှုန်းက မြို့နယ်အလိုက် ၄၆ ပေါင် စပါးတင်း ၁၀၀ ကို ကျပ် ၁၁ သိန်း ၃ သောင်းကျော်ကနေ ၁၂ သိန်း ၁ သောင်းကျော်အထိရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်စျေးနှုန်းထက် တင်းတရာကို  ကျပ်  ၂ သောင်း ဝန်းကျင် ထပ်မံမြင့်တက်လာပါတယ်။

ဧည့်မထစပါးစျေးနှုန်းကလည်း မြို့နယ်အလိုက် တင်း ၁၀၀ ကို ကျပ် ၇ သိန်း ၄ သောင်းကျော်ကနေ ၈ သိန်းခွဲကျော်အထိရှိပြီး၊ တပတ်အတွင်း ၂ သောင်းကနေ ၃ သောင်းဝန်းကျင် မြင့်တက်လာပါတယ်။

ရန်ကုန် ဆန်စျေးကွက်မှာလည်း  တပတ်အတွင်း ဆန်တအိတ်ကို ကျပ် ၅၀၀ ကနေ ကျပ် ၃၅၀၀ ကြားအထိ စျေးထပ်မံမြင့်တက်လာတာပါ။

နိုင်ငံတကာ ဆန်ဝယ်လိုအားကောင်းနေပြီး ပြည်တွင်းမှာ စပါးအထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေကြောင့် စပါးစျေးအကျထက် အတက်ဘက်ကိုသာ ဦးတည်နိုင်တယ်လို့ စျေးကွက်လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

မြန်မာ့ဆန်နဲ့ ဆန်ကွဲကို တရုတ်၊ ဘယ်ဂျီယံ၊ ဖိလစ်ပိုင်၊ စပိန်၊ ကင်မရွန်း၊ အိုင်ဗရီကို့၊ ပိုလန်၊ နယ်သာလန်နိုင်ငံတွေကို အဓိကအများဆုံး တင်ပို့ရောင်းချနေပြီး ၂၀၂၂ ရဲ့ ပထမ ၅ လအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁ သန်းကျော် တင်ပို့ထားပြီး ဧပြီလနဲ့ ဇန်နဝါရီလမှာ တင်ပို့မှု အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

13 hours Ago

February 20, 2020

လပွတ္တာ ကဏန်းပျော့လုပ်ငန်း ဝယ်လိုအားကောင်းပြီး စျေးကောင်းရနေ

ဧရာဝတီတိုင်းက ရေထွက်ပစ္စည်းတွေနဲ့ အခြားပို့ကုန် လုပ်ငန်းတွေ ရပ်တန့်နေပေမယ့် လပွတ္တာမြို့နယ်က ကဏန်း အရေပျော့လုပ်ငန်းဟာ စျေးကွက်ဝယ်လိုအားကောင်းပြီး စျေးကောင်းရရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကဏန်း အရေပျော့လုပ်ငန်းကို လပွတ္တာမြို့နယ်အတွင်း ကျေးရွာတွေမှာ အများဆုံးမွေးမြူပြီး ရန်ကုန်မြို့ကတဆင့် ဂျပန်၊ စင်ကာပူ၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နေတာပါ။  လက်ရှိအချိန်မှာ စျေးကွက်ဝယ်လိုအားများနေပြီး ၁ ကီလိုကို ၁၇၀၀၀ ရရှိတယ်လို့ ဒေသခံ အောင်ကောင်းယံ ကဏန်းအရေပျောမွေးမြူရေးကန် မန်နေဂျာ ဦးဌေးကျော်က ဒီဗွီဘီကိုပြောပါတယ်။ "လက်ရှိ ကဏန်းအရေပျော့လုပ်ငန်းကတော့ စျေးကွက်ကိုသိပ်ပြီးတော့ မထိခိုက်ပါဘူး၊ ရောင်းတဲ့ ပစ္စည်းတွေကို ပုံမှန်ယူနေသေးတယ် အခက်အခဲတော့မရှိပါဘူး။ ဂျပန်နဲ့ အမေရိကန်ကို အဓိကပို့တာဆိုတော့ မထိခိုက်ပါဘူး။" ကဏန်းအရေပျော့ မွေးမြူတဲ့လုပ်ငန်းဟာ ကဏန်းအခွံမာကောင်တွေက ဝယ်ယူကာ ပြန်လည်မွေးမြူရတဲ့လုပ်ငန်းဖြစ်ပြီး ကဏန်းအရေပျော့မွေးမြူတဲ့ကန်တွေမှာ တခြံကို လုပ်သား အနည်းဆုံး ၂၀ ကနေ အများဆုံး ၅၀ ရှိကာ လစာ ၁ သိန်း ၂ သောင်းမှ ၂ သိန်းအထိပေးတယ်လို့ သိရပါတယ်။ အလုပ်သမားတဦးဖြစ်တဲ့ ဒေါ်မိငယ်က "ခုချိန်ထိတော့ အဆင်ပြေပါတယ်။ ထမင်းလည်းကျွေးတယ် လစာကလည်း ၁ သိန်းခွဲ လောက်ရတော့ မြို့တက်ပြီး အလုပ်မလုပ်နိုင်သူတွေအတွက် အဆင်ပြေပါတယ်။ အစာကျွေးရတယ်၊ ၄ နာရီခြားတခါ ခြင်းဖော်ရတယ်။ ပေါ့ပေါ့ပါးပါးဆိုတော့ အခက်အခဲလည်းမရှိပါဘူး၊ မိသားစုကိုလည်း ပြန်ထောက်ပံ့လို့ရတယ်" လို့ ပြောပါတယ်။ ကဏန်းအရေးပျော့မွေးမြူဖို့အတွက် ကဏန်းအခွံမာကို ဝယ်ယူပြီး ခြေထောက်နဲ့ လက် လေးချောင်းကို ဖြတ်ကာ ရေထဲချပြီး အစားကျွေးမွေးမြူရတာဖြစ်ပြီး ရေထဲချလိုက်တဲ့ ကဏန်း အခွံမာတွေက ၄ နာရီခြား အရေခွံပြောင်းလဲချိန်မှာ အလျင်မီအောင် ဆယ်ယူမှသာ ကဏန်း အရေပျော့ကို ရနိုင်မှာဖြစ်ပါတယ်။ မူဆယ်မြို့ကနေတဆင့် တရုတ်နိုင်ငံတင်ပို့နေတဲ့ ဂိတ်တွေကို တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ့်နဲ့ ပတ်သက်ပြီး ပိတ်ထားလိုက်ချိန်မှာ လပွတ္တာမှာရှိတဲ့ ကဏန်းဒိုင်တွေနဲ့ ကဏန်း လုပ်သားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ကဏန်းထောင်တဲ့လုပ်သားတွေ နည်းပါးလာတာကြောင့် ရေရှည်သာဆက်သွားခဲ့ရင် ကဏန်းအရေပျော့မွေးမြူရေး လုပ်ငန်းအတွက် လည်း ထိခိုက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up