ကူးစက်ရောဂါဆိုင်ရာပညာရှင်နဲ့ သူ့မိသားစုကို ခြိမ်းခြောက်အပြီး သိုဝှက်ထားတဲ့ လက်နက်တွေနဲ့အတူ လွန်ခဲ့တဲ့ တလလောက်က ပျောက်သွားတဲ့ ဝရမ်းပြေး စစ်သားရဲ့ အလောင်းကို ဘယ်လ်ဂျီယံရဲတွေက ဇွန် ၂၀ ရက်မှာ ပြန်ရှာတွေ့ပြီလို့ ဘယ်လ်ဂျီယံပြည်ထောင်စု ရှေ့နေရုံးက ပြောပါတယ်။
သေဆုံးရတဲ့အကြောင်းရင်းက ကနဦးတွေ့ရှိချက်အရ လက်နက်နဲ့ သတ်သေတာ ဖြစ်နိုင်ပေမဲ့ နောက်ထပ် ရင်ခွဲစစ်ဆေးပြီးရင် အကြောင်းရင်းကို အတည်ပြုမယ်လို့ ပြည်ထောင်စု ရှေ့နေရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
အသက် ၄၆ နှစ်အရွယ် ဂျာဂန် ကိုးနင်းစ်ဟာ တင့်ဖျက်ဒုံးကျည်တွေ အပါအဝင် လက်နက်တွေနဲ့ မေ ၁၇ ရက်က နယ်သာလန်နယ်စပ်နားက သူ့အိမ်ကနေ ထွက်သွားပြီးတဲ့နောက် ရဲတွေက အကြီးအကျယ် လိုက်ရှာနေခဲ့တာပါ။
သူဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးဖို့ ဗိုင်းရပ်စ် ကူးစက်ရောဂါ ပညာရှင် မာ့ခ် ဗန် ရန့်စ်ကို ခြိမ်းခြောက်ခဲ့တာကြောင့် ပညာရှင်နဲ့ မိသားစုဟာ ဘေးလွတ်ရာ ရွေ့ပြောင်းခဲ့ရပါတယ်။
ကိုနင်းစ်ရဲ့ အလောင်းကို ဘယ်လ်ဂျီယံနိုင်ငံအရှေ့ပိုင်း ဒီလ်ဆာဘော့စ်မြို့က သစ်တောထဲမှာ စက်ဘီးစီးရင်း အနံ့ရတဲ့ မြို့တော်ဝန်က တွေ့ခဲ့အပြီး ရဲကို အကြောင်းကြားခဲ့ တာပါ။
ကိုနင်းစ်ဟာ ဘယ်လ်ဂျီယံ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု အကဲဖြတ်ရေးအဖွဲ့ရဲ့ အကြမ်းဖက်သမား ဖြစ်နိုင်ခြေ စာရင်းဝင် ဖြစ်နေတယ်လို့ ဘယ်လ်ဂျီယံအာဏာပိုင်တွေက ပြောပါတယ်။
Photo -Reuters