close

ဝါဒဖြန့်ရုပ်သံရိုက်ကူးရေးအဖွဲ့

close

March 30, 2022

စစ်ကောင်စီဝါဒဖြန့်ရုပ်သံရိုက်ကူးရေးအဖွဲ့လိုက်ပါလာသည့် ရထား မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကောင်စီဆက်ဆံရေးအရာရှိအပါအဝင် စစ်ကောင်စီဝါဒဖြန့်ရုပ်သံရိုက်ကူးရေးအဖွဲ့ လိုက်ပါလာတဲ့ ရထားတစီး  ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကနေ ပြင်ဦးလွင်မြို့ဘက်ကို ထွက်ခွာလာစဉ် မတ်လ ၂၉ ရက်မနက်က  ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

ဂုတ်ထိပ်တံတားမှာ မှတ်တမ်းဓာတ်ပုံဗီဒီယိုတွေ ရိုက်ကူးပြီးပြန်လာတဲ့ ရထားအမှတ် DDUEZ 12370 လူစီးရထားဟာ မနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်လောက်က   ဂန့်ဂေါနဲ့ ဆင်လမ်းစုကျေးရွာအကြားမှာ ရီမုမိုင်း ၁ လုံးနဲ့ အဝေးမှဖောက်ခွဲတိုက်ခိုက်ခံရတာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

မိုင်းခွဲတိုက်ခိုက်ခံရတဲ့ မီးရထားပေါ်မှာတော့  စစ်တပ်အာဏာသိမ်းတာကို ထောက်ခံဝန်းရံပြီး လူမှုကွန်ရက်တွေမှာဝါဒဖြန့်နေသူတွေ၊ စစ်ကောင်စီဝါဒဖြန့်ရုပ်သံရိုက်ကူးပေးမယ့် စစ်တပ်လော်ဘီ အနုပညာရှင်တွေအပါအဝင်  ၂၁ ယောက်နဲ့  အကူ ၁၂ ယောက်  စီးနင်းလိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားအထက်တန်းတွဲ ကြမ်းခင်း ပေါက်ပြဲပျက်စီးခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ နီးစပ်သူတချို့က ပြောပါတယ်။

ဗုံးဖောက်ခွဲမှုကို PDF ကလုပ်ဆောင်တာလို့ စစ်ကောင်စီကစွပ်စွဲထားပေမဲ့ ဘယ်သူ ဘယ်အဖွဲ့က  လုပ်ဆောင်ခဲ့တာလည်းဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မတ် ၂၉ ရက်နေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အခွန်အခ အဆမတန် ကောက်ခံနေတဲ့ စည်ပင်သာယာရေးဌာနရုံးကို ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးခွဲ သတိပေးခဲ့ပါသေးတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းတွေ ပြန်လည်တိုး တက်ကောင်းမွန်စေရေး ရည်ရွယ်ပြီး ရုပ်သံရိုက်ကူးဖို့  နိုင်ငံကျော်အနုပညာရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ပြည်တွင်းရှိ အထင်ကရနေရာတွေကို လိုက်လံ ပို့ဆောင်ပေးနေတာလို့ ဆိုပါတယ်။

ရထားမိုင်းခွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဩဇာခံအဖွဲ့တွေဖြစ်တဲ့  ဟာသအစည်းအရုံး၊ ဂီတအစည်းအရုံးနဲ့ သတင်းမီဒီယာကောင်စီတို့က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

1 min Ago
Up