အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI ဟာ ဝါရှင်တန်နဲ့ နယူးယောက်မြို့တွေက ရုရှားနဲ့ဆက်နွှယ်တဲ့ မသင်္ကာတဲ့ အိမ်တချို့ကို အောက်တိုဘာ ၁၉ ရက်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ရုရှားအစိုးရနဲ့နီးစပ်ပြီး နိုင်ငံရေး ဩဇာလည်း ရှိတဲ့ ဘီလျံနာ သူကြွယ်ကြီး အာလက် ဂျီရီပတ်စ်ကာ၊ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ၂၀၁၆ အမေရိကန် သမ္မတ မဲဆွယ်လှုပ်ရှားမှု ဥက္ကဋ္ဌ ပေါလ် မနာဖော့ထ်တို့နဲ့ ပတ်သက်တဲ့ အိမ်တွေကို စီးနင်းခဲ့တာပါ။
ဝါရှင်တန်ရဲ့ အချမ်းသာဆုံး ရပ်ကွက်တခုရှိ အိမ်ကြီးတလုံးထဲကနေ သေတ္တာတွေကို FBI က သယ်ထုတ်ခဲ့ပါတယ်။
ခြံဝင်းရှေ့မှာတော့ ရာဇဝတ်မှုဖြစ်ရာ နေရာမို့ မဝင်ရဆိုတဲ့ အဝါရောင် စာတမ်းတွေ ချိတ်ဆွဲ ထားပါတယ်။
တရားရုံး ခွင့်ပြုချက်အရ စီးနင်းတာလို့ FBI ပြောခွင့်ရက အတည်ပြု ပြောဆိုပါတယ်။ ရှာဖွေရတဲ့ အကြောင်းရင်း အတိအကျကိုတော့ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ FBI ပြောခွင့်ရကလည်း အသေးစိတ် အချက်အလက်တွေကို မပေးသေးပါဘူး။
ဂျီရီပတ်စ်ကာရဲ့ ကိုယ်စားလှယ်ကတော့ ဝါရှင်တန်နဲ့ နယူးယောက်က အိမ်တွေဟာ ဂျီရီပတ်စ်ကာ ရဲ့ ဆွေမျိုးတွေ ပိုင်တဲ့အိမ်တွေလို့ ပြောပါတယ်။ ဂျီရီ ပတ်စ်ကာကတော့ ဘယ်ရောက်နေလည်းဆိုတာ ချက်ချင်း မဆုံးဖြတ်နိုင်သေးပါဘူး။